မော်လမြိုင် ၊ မုပွန်နယ်မြေရဲစခန်းက အချုပ်သား သုံးယောက်က သေနတ် နှစ်လက်ယူပြီး ထွက်ပြေး



ဧပြီ ၊ ၁၇ ၊ ၂၀၂၄
SP (VOM)

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ မုပွန်ရပ်ကွက်မှာရှိတဲ့ မုပွန်နယ်မြေရဲစခန်းမှာ ဧပြီ ၁၇ ရက် ဒီကနေ့ ၊ နေ့လယ်ပိုင်းက ရဲစခန်း အချုပ်ခန်းကို ဖောက်ပြီး အချုပ်သားသုံးယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” မုပွန်နယ်မြေရဲစခန်းက အချုပ်သား သုံးယောက်က အချုပ်ခန်းကို ဖောက်ပြီးထွက်ပြေးသွားတယ် ၊ နောက်ပြီး စခန်းက သေနတ် နှစ်လက်လည်း ပါသွားတယ် ၊ ဖြစ်စဥ် အသေးစိတ်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မော်လမြိုင်မြို့နယ် လုံခြုံရေးအဖွဲ့ဆီ VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ဒါ့အပြင် မော်လမြိုင်မြို့ပေါ်ကို လုံခြုံရေးတွေ ထူထပ်စွာချထားပြီး လမ်းတချို့မှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရဲစခန်းနဲ့ နီးစပ်သူတယောက်က
” အဲ့ဒီ မုပွန်နယ်မြေရဲစခန်း ပထမသတင်းပေးတိုင်တန်းချက်အမှန် (ပ) ၃၈၆ / ၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ က အချုပ်ခံတယောက်လည်း ထွက်ပြေးလွတ်မြောက်ဖူးတယ် ၊ အခုဖြစ်စဥ်နဲ့ဆို အချုပ်သား ထွက်ပြေးတာ နှစ်ကြိမ်ရှိသွားပြီ ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၇ ရက်က ရန်ကုန်တိုင်း ၊ဒလမြို့ ၊မြို့မရဲစခန်း အချုပ်ခန်းကနေ ဖောက်ထွင်းထွက်ပြေးသွားတဲ့ အချုပ်သား ခြောက် ဦးကို နစက လုံခြုံရေးအဖွဲ့က ၂၄ နာရီအတွင်း ခြောက်ယောက်စလုံး ပြန်ဖမ်းမိနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ မတ်လပိုင်းကလည်း မန္တလေးတိုင်း ၊ ရမည်းသင်း အကျဥ်းထောင်ကနေ နေပြည်တော် တရားရုံးကို ရုံးထုတ်ပြန်လာတဲ့ ရဲအချုပ်ကား တစ်စီးဟာ တပ်ကုန်းမြို့နယ်အတွင်းအရောက် အချုပ်ကားပေါ်ကနေ အချုပ်သား ၄ ဦးထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးတဲ့အခါ ၂ ဦးသေဆုံး ၊ အရှင် ၁ ဦး ပြန်လည် ဖမ်းမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း ကျောက်ဆည်မြို့ကနေ မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်တဲ့ အချုပ်ကားတစ်စီးဟာ မြစ်ငယ်မြို့နားမှာ ရဲ သေနတ်ကို လုယူပစ်ခတ်တာကြောင့် ရဲ တယောက်သေပြီး အချုပ်သား ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ က စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့ ၊ မြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်း ဖောက်ထွင်းခံရပြီး အချုပ်သား ၅ ယောက် ထွက်ပြေးသွားခဲ့ဘူးပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW