သင်္ကြန်ကာလအတွင်း မြန်မာပြည်အလယ်ပိုင်းမှာ ပစ်ခတ်မှု၊ယာဥ်မတော်တဆမှုကြောင့် ၂၇ ယောက်သေဆုံးပြီး ၊ ၆၀ နီးပါးဒဏ်ရာရ

ဧပြီ ၊ ၁၇ ၊ ၂၀၂၄
SP (VOM)
ဧပြီ ၁၂ ရက်ကနေ ဧပြီ ၁၆ ရက်ထိ သင်္ကြန်ကာလအတွင်း မြန်မာပြည် အလယ်ပိုင်းမှာရှိတဲ့ မန္တလေးတိုင်း ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၂၇ ယောက်ရှိပြီး ၊ လူပေါင်း ၆၀ နီးပါးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာ ထိခိုက်သေဆုံးရသူ အရေအတွက် အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ၊ မန္တလေးတိုင်းက ဒုတိယအများဆုံးဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေထဲမှာ ပေါက်ကွဲမှုကြောင့် သေဆုံးရသလို ၊ ယာဥ်မတော်တဆမှုကြောင့် သေဆုံးရတာတွေ ပါဝင်တယ် လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်းဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က
” ဧပြီ ၁၃ ရက်က မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ ဝါးတောမကျေးရွာနားမှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင် PDF စခန်းကို နစကအဖွဲ့တွေက ဝင်ရောက်စီးနင်းတယ် ၊ အဲ့ဒီတိုက်ပွဲမှာ PDF တယောက်သေဆုံးပြီတယ် ၊ ဒီဖြစ်စဥ်နောက်ဆက်တွဲ ဧပြီ ၁၂ ရက် ညနေပိုင်းက မုံရွာ နမခ ဘက်ကနေ အရာတော်ဘက်ကို ထွက်ခွာလာတဲ့ စစ်ယာဥ်တန်းကို PDF တွေက မုံရွာ – အရာတော် ကားလမ်း ၊ ကမ်းဖြူရွာနားမှာ မိုင်းခွဲတယ် ၊ နောက်ပြီး မိုင်းကွဲတဲ့အချိန် ပစ်ခတ်တယ် ၊ အဲ့ဒါကြောင့် မိုင်းဆွဲခံရတဲ့ ယာဥ်တန်းပေါ်က သင်တန်းသား ခုနှစ်ယောက်နဲ့ အရာရှိတယောက် သေတယ် ၊ သင်တန်းသား ၄၀ ကျော်လောက် PDF က ဖမ်းခေါ်သွားတယ်၊ အဲ့ဒီ ဖြစ်စဥ်မှာ နှစ်ဘက်ထိခိုက်သေဆုံးသူ ၁၀ ယောက်ထက်မနည်းရှိတယ် ၊ ဧပြီ ၁၃ ရက်က မုံရွာ – အရာတော် ကားလမ်း ၊ ထနောင်းဝင်း ကျေးရွာနားမှာ လမ်းဘေးသစ်ပင် ကျိုးကျလို့ မုံရွာကနေ ကျောက္ကာမြောက်ရွာကိုပြန်လာတဲ့ ခွေးဘီးလူးကားပေါ်ကို ပိတယ် ၊ အဲ့ဒီ ဖြစ်စဥ်မှာ အမျိုးသမီးနှစ်ယောက် သေဆုံးပြီး ကလေးနှစ်ယောက် ဒဏ်ရာရတယ် ၊ ဧပြီ ၁၅ ရက် နေ့လယ် ၂ နာရီဝန်းကျင်က စစ်ကိုင်းမြို့ ၊ တင်းထိပ်ရပ်ကွက် ၊ မုံရွာ – မန္တလေးကားလမ်း သစ္စာရှင် ကြိမ်ထည် လက်မှုပစ္စည်း အရောင်းဆိုင်နားမှာ တင်းထိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလင်းအောင် ၊ ၃၂ နှစ် ဆိုသူ ပစ်သတ်ခံရတယ် ၊ ဧပြီ ၁၆ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းဒေသ ၊ ရေခါးရွာမှာနေတဲ့ ကိုအောင်အောင်ထွေး ၄၇ နှစ်ဆိုသူဟာ မိုင်းထောင်နေရင်း ပေါက်ကွဲပြီး သေဆုံးတယ် ၊ ဧပြီ ၁၂ ရက်ကနေ ၁၇ ရက်မနက်ပိုင်းအထိ စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ၁၅ ယောက်ရှိပြီး ၊ ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ သိရတယ်၊ နောက်ပြီး စစ်ကိုင်းတိုင်းမှာ ၃၇ မြို့နယ်အနက် မြို့နယ်ပေါင်း ၃၀ ကျော်ဟာ သင်္ကြန်ကာလ သီတင်း သီလ ဆောက်တည်တာတွေရှိပြီး ရေကစားတာနဲ့ ယိမ်းကတာတွေမရှိဘူး ” လို့ပြောပါတယ်။
မန္တလေးတိုင်း သင်္ကြန်ကာလနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ဧပြီ ၁၃ ရက်က သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု ၊သက္ကယ်ပြန့်ကျေးရွာမှာ ရွာခံအချင်းချင်း ဒလန်ဆိုပြီး လိုက်လံသတ်ဖြတ်တာကြောင့် လူသုံးယောက် သေဆုံးပြီး ၊ လေးယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်မှာ သေဆုံးသူတွေကတော့ဦးလင်းအောင် ၊၄၃ နှစ် (ခေါင်းပြတ်သေဆုံး)၊ မောင်စိုင်းစိုင်း ၊၁၄ နှစ်၊(ဘ)ဦးလင်းအောင် (သေဆုံး) ၊ ဒေါ်လဲ့လဲ့ဝင်း ၊၂၄ နှစ် (ခေါင်းပြတ်သေဆုံး) ဆိုသူတွေဖြစ်ပြီး ၊ သေဆုံး ဒဏ်ရာရသူတွေဟာ မိသားစုဝင်တွေ ဖြစ်တယ် ၊ နောက်ပြီး ဧပြီ ၁၄ ရက် မနက်ပိုင်းက မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ် စည်ပင်သာယာဗဟိုမဏ္ဍပ် အနီး ဆိုင်ကယ်ထားတဲ့ နေရာမှာ ဆိုင်ကယ်မှာထောင်ထားတဲ့ဗုံးတွေ ၂ နေရာကွဲတာကြောင့် လူ ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ် ၊ ဧပြီ ၁၄ ရက် ညနေပိုင်းမှာ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ဘုရားထူးကျေးရွာအနီး ရွှေလင်ပန်း တောရ ဘုန်းကြီးကျောင်းနားမှာ ရွာသစ်ကျေးရွာ အုပ်စု ပြည်ခိုင်ဖြိုးပါတီ အုပ်စု ဥက္ကဌလည်းဖြစ် ၊ ဘုရားထူးကျေးရွာရဲ့ ရာအိမ်မှူးလည်းဖြစ်သူ ဦးသန်းဝင်း၊ ၆၈ နှစ် ဆိုသူ ပစ်သတ်ခံရတယ် ၊ အဲ့ဒီအပြင် ၊ ဧပြီ ၁၄ ရက် ည ၉ နာရီကျော်မှာ ပြင်ဦးလွင်မြို့ပေါ်မှာ ရှော့တိုက်ဒုံး ရှစ်လုံးထက်မနည်း ကျရောက်ပေါက်ကွဲပြီး အောင်မြေဇေယျာကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဘုန်းကြီး ဥူးတေဇာနန္ဒနဲ့ ဒုလ္လဘ ဘုန်းကြီး လူနာမည် ဦးထွန်းလင်းအောင် အပါအဝင် လူလေးယောက် သေဆုံးပြီး ၊ ဒဏ်ရာရသူ ၁၀ ယောက်ဝန်းကျင်ရှိတယ် ၊ နောက်ပြီး ဧပြီ ၁၃ ရက်ကနေ ၁၇ ရက်အထိ မိတ္ထီလာဘက်မှာက ယာဥ်မတော်တဆမှုကြောင့် သုံးယောက်သေဆုံးပြီး ၊ ငါးယောက်ထက်မနည်း ဒဏ်ရာရတယ် ၊ အဲ့ဒါကြောင့် မန္တလေးတိုင်းအတွင်း သင်္ကြန်ကာလမှာ ဘုန်းကြီးနှစ်ပါး အပါအဝင် လူ ၁၁ ယောက်သေဆုံးပြီး ၊ ၃၁ ယောက် ဒဏ်ရာရတယ် ၊ အဲ့ဒီ အရေအတွက်ဟာ လက်လှမ်းမီသလောက် သိရှိရတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်ဖြစ်စဥ်မှာ ဒီထက်ပိုနိုင်တယ်” လို့ ပြောပါတယ်။
မကွေးတိုင်း ဒေသခံ ပရဟိတသမားတယောက်က
” မကွေးမြို့ ၊ မြင်းကင်းလမ်းနဲ့ သစ်တောရုံးလမ်းမှာ ဧပြီ ၁၆ ရက်က ယာဥ်တိုက်မှုဖြစ်တယ် ၊ ဒဏ်ရာရလူနာ နှစ်ယောက်ရတယ် ၊ ဧပြီ ၁၄ ရက်က မကွေး – ရေနံချောင်းလမ်း ၊ ဒေါင်းနေတောင်နားမှာ ဘုန်းကြီးကားတစီးနဲ့ အိမ်စီးကာတစီးတိုက်မိပြီး လူတယောက်သေတယ် ၊ နောက်ပြီး အဲ့ဒီ ဧပြီ ၁၄ ရက်က မကွေးမြို့ရှောင်လမ်း ၊ သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းနားမှာ ယာဥ်တိုက်မှုဖြစ်ပြီး လူနာ နှစ်ယောက် ဖြစ်တယ် ၊ ဧပြီ ၁၆ ရက် ညနေပိုင်းက မကွေး ၊ ကမ်းနားလမ်း ၊ ဘီလူးညီနောင် နတ်ကွင်းနားက ရေကစား မဏ္ဍပ်မှာ ဓားထိုးမှုဖြစ်လို့ တယောက်သေ တယောက်ဒဏ်ရာရခဲ့တယ် ၊ မကွေးတိုင်းမှာ သင်္ကြန်အတွင်း ယာဥ်တိုက်မှုကလွဲပြီး တခြား ပေါက်ကွဲတာတွေမရှိဘူး ” လို့ ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၁၄ ရက် နေ့လယ်ပိုင်းမှာ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ၊ ဂျိုင်းမြစ်ဒေသ ၊ သံကလောင်ကျေးရွာမှာရှိတဲ့ သံကလောင်ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဥူးဝါယမ သက်တော် ၆၀ ကျော်အရွယ် ကျောင်းထိုင်ဘုန်းကြီးတပါးလည်း ပစ်သတ်ခံရလို့ ပျံလွန်တော်မူခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ သင်္ကြန်လာလ သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) ရက်ညနေပိုင်းက စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံကျေးရွာက ရေကစား မဏ္ဍပ်မှာ ဒရုန်းနဲ့ဗုံးကျဲချခံရလို့ ရေကစားနေတဲ့ ကလေးငယ် ၈ ဦးဗုံးစထိမှန် သေဆုံးခဲ့ပြီး ၊ ၃၁ ယောက်ဒဏ်ရာရခဲ့တယ် ၊ နောက်ပြီး သင်္ကြန်အကျနေ့ (ဧပြီ ၁၄ ) ရက် ညပိုင်းက ဟုမ္မလင်းမြို့နယ် ၊ အောက်တောင်ပေါ်ကျေးရွာက သင်္ကြန်ပွဲတော် ၊ ပွဲခင်းစျေးအနီး ဆိုင်ကယ်မိုင်း ပေါက်ကွဲလို့ မဆိုင်းမော်ပန်း နဲ့ မဥက္ကာဆိုတဲ့ အမျိုးသမီးသေဆုံးခဲ့ပြီး ၉ ယောက်ဒဏ်ရာရတယ်၊အကြတ်နေ့ (ဧပြီ ၁၅) ရက် ညနေ ၆ နာရီက မုံရွာခရိုင် အရာတော်မြို့နယ် ၊ ငွေတွင်းကျေးရွာမှာရှိတဲ့ ရေကစား မဏ္ဍပ်အပေါ် ဒရုန်းနဲ့ ဗုံးကျဲချခံလို့ ရေကစားနေတဲ့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၆ ဦး ၊ ပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အစိုးရ ရေကစားမဏ္ဍပ်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ကလေးတယောက်သေဆုံးပြီး ငါးယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီအပြင် ပြီးခဲ့တဲ့ ၂၀၂၃ သင်္ကြန်အကျနေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ပေါ်က စတုဒီသာကျွေးမွေးရေးမဏ္ဍပ်နားမှာ ပေါက်ကွဲမှုဖြစ်လို့ လူသုံးယောက်သေဆုံးပြီး ခုနှစ်ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းမှတ်တမ်းေတွအရသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW