ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုဂိုလာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး

နိုင်ရိုဘီ၊ ဧပြီ-၁၉-၂၀၂၄
မျိုးဆက်(VOM)
ကင်ညာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖရန့်စစ်အိုမွန်ဒီအိုဂိုလာဟာ နိုင်ငံအနောက်ပိုင်းမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း ကင်ညာ သမ္မတက ပြောပါတယ်။
ကင်ညာစစ်တပ်ရဲ့ စစ်ဦးချုပ်ဖြစ်တဲ့ အိုဂိုလာဟာ အခြားစစ်ဘက်အရာရှိ ၁၁ ယောက်နဲ့အတူ ရဟတ်ယာဉ် ပျက်ကျမှုမှာ ပါဝင်ခဲ့ပြီး ဒီဖြစ်စဉ်အတွင်း လူနှစ်ယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
ရဟတ်ယာဉ်ဟာ မြို့တော်နိုင်ရိုဘီ အနောက်မြောက်ဘက် မိုင် ၂၅၀ အကွာ အယ်လ်ဂီယိုမာရက်ဝက်ခရိုင်မှာ ပျံတက်ပြီး များမကြာခင်ပျက်ကျခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကင်ညာလေတပ်က စေလွှတ်ထားပါတယ်။
ဒါဟာ နိုင်ငံအတွက် အလွန်ကြေကွဲဝမ်းနည်ဖွယ် ဖြစ်တယ်လို့ ကင်ညာသမ္မတ ဝီလီယံရူတိုက ထုတ်ဖော်ပြောဆိုထားပြီး ကင်ညာလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဖရန့်စစ်အိုမွန်ဒီအိုဂိုလာဟာ ကင်ညာလေတပ် တပ်မှူးနဲ့ ကြည်းတပ်ရဲ့ လက်ထောက်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်မှာ ကင်ညာစစ်တပ်အကြီးအကဲအဖြစ် ပြီးခဲ့တဲ့နှစ်ဧပြီလက ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကင်ညာနိုင်ငံမှာ ဒီနေ့ကစပြီး တိုင်တဝက်အလံများ လွှင့်ထူကာ သုံးရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတွေက ကြေညာထားသည်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW