ဗီယက်နမ်တောင်ပိုင်းမှာ အပူလှိုင်းကြောင့် ငါးကောင်ရေထောင်သောင်းချီ သေဆုံး

ဟနွိုင်း၊ မေ-၂-၂၀၂၄
မျိုးဆက်(VOM)
ဗီယက်နမ်နိုင်ငံမှာ ပြင်းထန်တဲ့ အပူလှိုင်းကြောင်ံ နိုင်ငံတောင်ပိုင်း ဒေါင်နိုင်ပြည်နယ်ရှိ ရေကန်တခုမှာ ရှိတဲ့ ငါးတွေထောင်သောင်းချီသေဆုံးခဲ့ပါတယ်။
ဟိုချီမင်းမြို့အနောက်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ဒေါင်နိုင်ပြည်နယ်မှာ ဧပြီလအတွင်း အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်ကိုကျော်လွန်နေပြီး ၁၉၉၈ ခုနှစ်မှာ မှတ်တမ်းတွေ ထားရှိပြီးနောက်ပိုင်း စံချိန်တင်ဖြစ်ပါတယ်။
အပူလှိုင်းကြောင့် စာသင်ကျောင်းတွေကိုပိတ်ထားရတဲ့ နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အပူချိန်မှာ အလွန်အမင်းမြင့်တက်လျှက်ရှိပြီး ဆောင်မေရေကန်ထဲက ငါးတွေ အပူချိန်ကြောင့် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ငါးတွေသေနေပြီး အနံ့တွေထွက်နေတယ် လို့ ဒေသခံ တယောက်က ပြောပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မှတ်တမ်းတွေမှာတော့ ကန်ထဲမှာ လှေစီးနေကြတဲ့ ဒေသခံတွေကို တွေ့နေရပြီး ငါးသေတွေကြောင့် အောက်ကကန်ရေပြင်ကို မမြင်ရပါဘူး။
သတင်းဌာနတွေအဆိုအရ ဒီဒေသမှာ ရက်သတ္တပတ်များစွာ မိုးရွာသွန်းမှုမရှိခြင်းကြောင့် ကန်ထဲကငါးတွေ အသက်ရှင်ဖို့အခွင့်အရေး လွန်စွာနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။ ရေလှောင်ကန် စီမံခန့်ခွဲရေးအဖွဲ့က ကန်ရဲ့ရေအောက် အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရေတွေကို ထုတ်ပစ်ပြီး အသစ်ထည့်ခဲ့ပေမယ့် ကြိုးစားမှု မအောင်မြင်ခဲ့ပါဘူး။
ငါးတွေ နေရာလွတ်ပိုရဖို့နဲ့ ရေပိုရနိုင်ဖို့ ရေလှောင်ကန်ကို ပြုပြင်ပြီး ရွှံ့တွေကို စုတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မကြာခင်မှာပဲ တန်ချိန် ၂၀၀ ကျော် တန်ဖိုးရှိငါးတွေ သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW