လေဆိပ်တွေမှာ ရှော့တိုက်ဒုံးနဲ့ ဒရုန်းဗုံး အန္တရာယ်ခြိမ်းခြောက်မှု အဖြစ်များလာ

ဧပြီ ၊ ၁၉ ၊ ၂၀၂၄
SP( VOM)
အခုရက်ပိုင်းအတွင်း လေဆိပ်တွေမှာ ရှော့တိုက်ဒုံး နဲ့ ဒရုန်းဗုံး ခြိမ်းခြောက်အန္တရာယ်တွေ အဖြစ်များလာတယ်လို့ လေဆိပ်လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” လေဆိပ်ဧရိယာထဲမှာ ရှော့တိုက်ဒုံးတွေ တွေ့ရတာရှိတယ် ၊ နောက်ပြီး လေဆိပ်တချို့ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်တွေရှိတယ် ” လို့ လေဆိပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် ၊ နှစ်ဆန်းတရက် မနက်ပိုင်းက မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နားမှာ ပေါက်ကွဲသံတခုကြားရတာကြောင့် လေဆိပ် လုံခြုံရေးအဖွဲ့တွေက လေဆိပ်ဝန်းကျင် နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ လေဆိပ်ဘက်ကို ပစ်ခတ်တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားတဲ့ ရှော့တိုက်ဒုံး ( ၁၀၇ မမ) ခြောက်လုံးတွေ့ရတယ်လို့ သိရပါတယ်။
မန္တလေးလေဆိပ်မှာ ေလဆိပ်တက္ကစီ ကားသမားတယောက်က
” ပြီးခဲ့တဲ့ ၂၀၂၂ – ၂၃ တုန်းက လေဆိပ်နားမှာ အသေးစား ပေါက်ကွဲမှု နှစ်ကြိမ်လောက် ဖြစ်ခဲ့ဖူးတာရှိတယ် ၊ အဲ့ဒီ နောက် လေဆိပ်လုံခြုံရေး ( ခရီး သွား လုံခြုံမှု) သင်တန်းတွေကို အဲယားတက္ကစီ အသင်း ရှစ်သင်းက ကားသမားတွေ တက်ရတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နဲ့ ၁၁ ရက်က နေပြည်တော် ကောင်စီနယ်မြေ အေလာလေဆိပ် တပ်နယ်နားမှာ တပတ်အတွင်း ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခံမှုဖြစ်စဥ် နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော် အသိုင်းအဝိုင်းဆီက သိရပါတယ်။
” ဧပြီ ၁၁ ရက် ၊ မနက် ၅ နာရီဝန်းကျင်က အေလာတပ်နယ်ဘက်မှာ ရှော့တိုက်ဒုံး လေးငါးလုံးနဲ့ တိုက်ခိုက်ခံရတယ် ၊ ကနဦး ကြားရတာက ရှော့တိုက်ဒုံး ငါးလုံးနဲ့ အနက် မပေါက်ကွဲတဲ့ လေးလုံး သိမ်းဆည်းရမိပြီး ၊ ကျန်တလုံးကတော့ ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲပျက်စီးမှုကြောင့် ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရတယ်၊ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း ၊ အေလာတပ်နယ်ကို အသေခံဒရုန်း တဒါဇင်မကနဲ့ တိုက်ခိုက်ခံရတယ် ၊ တပတ်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံရတာဖြစ်တယ် ” လို့ နေပြည်တော် အသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၈ ရက်ညက ၊ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့ ၊ ဗန်းမော်လေဆိပ်ဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လေယာဥ်ပြေးလမ်းတချို့ ထိခိုက်ပျက်စီးသွားတာကြောင့် ဗန်းမော်လေကြောင်း ခရီးစဥ်တွေကို ရုတ်တရက် ၊ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” လေဆိပ်ဘက်မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတယ် ၊ ၁၀၇ မမ လက်နက်ကြီး နှစ်လုံး လေယာဥ်ပြေးလမ်းဘက်မှာ ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ပြေးလမ်းတချို့ ထိခိုက်ပျက်စီးသွားတယ် ၊ လေယာဥ် ခရီးစဥ်တွေ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်တယ် ၊ အဲ့ဒီနောက် ထိခိုက်ပျက်စီးမှုတွေကို လေဆိပ်အာဏာပိုင်တွေက အမြန်ဆုံး ပြုပြင်ပေးပြီးနောက် ၊ လေယာဥ် ပုံမှန်ပြေးဆွဲနေတယ် ” လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ စစ်တွေလေဆိပ်မှာ ဒရုန်းဗုံးတလုံး ကျရောက်ပေါက်ကွဲပြီး လေယာဥ်ကွင်း လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ကလေးလေဆိပ်မှာ ဒရုန်းတလုံးကျရောက်ပေါက်ကွဲတာကြောင့် ၊ လေယာဥ်ပြေးလမ်း အနည်းငယ် ထိခိုက်ပျက်စီးပြီး ၊ အဲ့ဒီ ပျက်စီးမှုကို အမြန်ဆုံးပြုပြင်ပေးပြီးနောက် လေယာဥ်ခရီးစဥ်တွေ ပြန်လည်ပြေးဆွဲပေးတယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်စပိုင်းတုန်းက ကယားပြည်နယ် လွိုင်ကော် လေဆိပ်မှာ ကွင်းဆင်းလာတဲ့ ခရီးသည်တင် လေယာဥ်တစီး သေနတ်နဲ့ချောင်းမြှောင်း ပစ်ခံရလို့ လေယာဥ်ခရီးသည် နှစ်ယောက် ကျည်ဆံထိမှန် ဒဏ်ရာရတာ ဖြစ်ခဲ့ပါသေးတယ်။
မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ပေါ်မှာ ဧပြီ ၁၄ ရက် ၊ ည ၉ နာရီဝန်းကျင်က ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ဘုန်းကြီးနှစ်ပါးအဝင် လူလေးယောက် သေဆုံးပြီး ၊ ဆယ်ယောက်နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ဧပြီ ၁၇ ရက်က တံတားဦး လေဆိပ်နားမှာ တွေ့ရတယ်ဆိုတဲ့ ရှော့တိုက်ဒုံး ၊ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW