လျှပ်စစ်မီးနဲ့ နွေအပူ



ရန်ကုန်၊ ဧပြီ-၂၄-၂၀၂၄
SN (VOM)

မြန်မာနိုင်ငံတဝန်းမှာ ရာသီဥတုပူပြင်းလာသလို လျှပ်စစ်မီးပျက်ချိန်တွေလည်း ပိုတိုးလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ အလွန်ကို ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးနေတာဖြစ်ပေမယ့် မီးလာရမယ့်အချိန်မှာ အချိန်ပြည့် မီးမပေးနိုင်တာက အစဉ်အလာတခုလို ဖြစ်နေပါပြီ။

အလှည့်ကျမီးပေးစနစ်လို့ ဆိုပေမယ့် မီးပြတ်တောက်ချိန် များနေတာကြောင့် နေအိမ် တော်တော် များများမှာ ဘက်ထရီနဲ့ အင်ဗာတာနဲ့ ဆိုလာပြားတွေကို အသုံးပြုကြရပါတယ်။ တချို့က အိမ်သုံး မီးစက်တွေကို ဝယ်ယူအသုံးပြုကြပါတယ်။ ဝပ်တထောင်ကနေ သုံးထောင်အထိ အသုံးပြုနိုင်တဲ့ ဓာတ်ဆီသုံး မီးစက်တွေကို အများဆုံးအသုံးပြုကြတာပါ။ ဓာတ်ဆီသုံးမီးစက်တွေကလည်း တနာရီကို ပျမ်းမျှ စက်သုံးဆီ တလီတာလောက် ကုန်ကျတာကြောင့် လက်ရှိ မြင့်တက်နေတဲ့ဆီဈေးနဲ့ မီးစက်ကို ရေရှည် အသုံးပြုနိုင်ဖို့ ဆိုတာကလည်း ခက်ခဲရပြန်ပါတယ်။

လူဦးရေထူထပ်တဲ့ မြို့ပြတွေမှာ ရာသီဥတုပူပြင်းတဲ့အချိန် လျှပ်စစ်မီးမရတာဟာ အတော့်ကို အဆင်မပြေတဲ့ ကိစ္စတခုပါ။ ရန်ကုန်မြို့ တိုက်ခန်းမှာ နေထိုင်သူတွေဟာ လျှပ်စစ်မီးမရတဲ့ပြသနာကို ဖြေရှင်းနိုင်ဖို့ ပါဝါဘန့်နဲ့ AC/DC အသုံးပြုနိုင်တဲ့ ပန်ကာ၊ အားသွင်းမီးလုံး စတာတွေကို ဝယ်ယူအသုံးပြုပြီး ဖြေရှင်းကြပေမယ့် ဒါက အချိန်အတိုင်းအတာ တခဏအတွက်သာ အဆင်ပြေတာမျိုးပါ။

“တိုက်ခန်းနဲ့နေရတဲ့သူတွေက ညဘက်မီးပျက်ရင် ပူတာပိုသိသာတယ်။ ဘယ်လိုမှနေလို့မရဘူး။ ချွေးတွေအထွက်လွန်ပြီး အိမ်က ကလေး ချွေးနဲ့အအေးပတ်ပြီး ဖျားလို့ ဆေးခန်းပြရတယ်။ ဆေးခန်းသွားတော့လည်း ဆေးခန်းမှာ လူနာတွေအများကြီး။ အပူဒဏ်ကြောင့်ပဲ နေမကောင်း၊ ဖျားနာကြတဲ့လူတွေ ပိုများတယ်” လို့ တာမွေမြို့နယ်မှာ နေထိုင်တယောက်က ပြောပါတယ်။

အဲဒီလို လျှပ်စစ်မီးမလာတာနဲ့ ရာသီဥတု ပူပြင်းတာတွေကြောင့် စက်ရုံဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းတွေလည်း အိပ်ရေးမဝလို့ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ သိရပါတယ်။ စက်ရုံလုပ်သားတွေအနေနဲ့က လုပ်ငန်းခွင်မှာလည်း လုံလောက်တဲ့ လေအေးပေးမှု မရရှိတာကြောင့် ပိုပြီး အားအင်ကုန်ခမ်းမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

“ညညဆိုလည်း ရာသီဥတုက ပူ၊ မီးကပျက်နဲ့ ကောင်းကောင်း အိပ်လို့မရဘူး။ မနက်အစောကြီးထ အလုပ်ဆင်းရလို့ အလုပ်ထဲရောက်ပြန်တော့လည်း ပူလို့ မနေနိုင်ဘူး။ ခေါင်းတွေမူး၊ ချွေးကထွက်နဲ့နုံးချည့်နေတာပဲ” လို့ လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံမှာ အလုပ် လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

ရန်ကုန်မှာ ဒီရက်ပိုင်း နေ့အပူချိန်ဟာ ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး နောက်ရက်တွေမှာ အပူချိန် ထပ်တိုးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် လာမယ့် ဧပြီလ ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာလည်း တိုင်းနဲ့ပြည်နယ်တချို့ နေ့အပူချိန်တွေ ထပ်တိုးမယ်လို့ သိရပါတယ်။

လာမယ့် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေ့အပူချိန်တွေ ထပ်မံ တိုးလာနိုင်တယ်လို့ မိုးလေဝသလေ့လာစောင့်ကြည်သူ ဦးဝင်းနိုင်က ပြောကြားထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း နေ့အပူချိန်တွေဟာ ရှမ်းပြည်နယ်မှာ ဧပြီလရဲ့ ပျမ်းမျှ အပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှ အပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ပြီး ကချင်ပြည်နယ်မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ကာကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ထူးခြား နေ့အပူချိန်တွေကတော့ တံတားဦး (လေကြောင်းမိုးလေဝသ)နဲ့ မင်းဘူးမြို့တို့မှာ ၄၃ ဒီဂရီဆဲလ်စီးယပ်စီနဲ့ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ စစ်ကိုင်း၊ မြင်းမူ၊ မန္တလေး၊ မြင်းခြံ၊ ညောင်ဦး၊ ချောက်၊ မကွေး၊ အောင်လံ၊ တောင်တွင်းကြီး၊ ဂန့်ဂေါ၊ ဆင်ဖြူကျွန်းနဲ့ ပြည်မြို့တို့မှာ ၄၂ ဒီဂရီဆဲလ်စီးယပ်စီအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာလည်း နိုင်ငံရေး မပြောင်းအလဲ သုံးနှစ်ပြည့်ပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လျှပ်စစ်မီး အဆိုးရွားဆုံး ပြတ်တောက်နေမှုဖြစ်စဉ်ကို မန္တလေးခရိုင်တခုလုံးမှာ ကြုံတွေ့နေရတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်ကစပြီး မန္တလေးခရိုင်အတွင်း မြို့နယ်အလိုက် အုပ်စုသုံးခုခွဲကာ တကြိမ်ကို ၄ နာရီနှုန်းနဲ့ တရက်ကို နှစ်ကြိမ် မီးပေးသွားမှာဖြစ်တယ်လို့ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးတွေကတဆင့် ကြေညာထားတာပါ။ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တရက်ကို နှစ်ကြိမ်၊ တကြိမ်ကို ၄ နာရီနှုန်းနဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးမယ်လို့ နစက က ကြေညာခဲ့ပေမယ့်လည်း မြေပြင်မှာတော့ လျှပ်စစ်မီး ကောင်းစွာမရရှိခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

လက်တလောမှာတော့ မန္တလေးမြို့ခံတွေဟာ လျှပ်စစ်မီး ပြတ်တောက်နေမှုအပြင် ရာသီဥတုရဲ့ ပူပြင်းမှုဒဏ်ကို အရင်နှစ်တွေကထက်ပိုပြီး ခံစားနေကြရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်းအားသွင်းဖို့၊ ရေတင်ဖို့၊ ရာသီပူတော့ ပန်ကာဖွင့်ဖို့၊ အဲယားကွန်းဖွင့်ဖို့ စတဲ့ ကိစ္စတွေဟာ လျှပ်စစ်မီး ပုံမှန်မရတာကြောင့် အခက်အခဲဖြစ်လာနေပြီး ဒါကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းလာကြပါတယ်။

“ဦးတည်ချက် ပြောင်းသွားပြီ။ အရင်က ဟိုတယ် တည်းတယ်ဆိုတာ တခြားမြို့ရွာသွားမှ။ အခု ရာသီကပူပြင်း၊ မီးကပြတ်တောင်း ဆိုတော့ ကလေးငယ်ရှိတဲ့ မိသားစုတွေ၊ သက်ကြီးရွယ်အို ရှိကြသူတွေ၊ နာဖျား မကျန်းမာသူ‌ရှိတဲ့ မိသားစုဝင်တွေဟာ လိုအပ်ချက်အရ ဟိုတယ်တွေဆီ ပြေးကြရတယ်။ အဲဒီ့လို သွားကြရာမှာ ဘယ်သူမှ ကိန်းကြီးခန်းကြီး မနိုင်ကြတော့ဘူး။ ဟိုတယ်စရိတ်က တရက်ကို ကျပ်သုံးသောင်းကနေ ကျပ်ငါးသောင်းဝန်းကျင်အထိ ရှိတယ်။ မနက်စာ ပါ၊ မပါ။ ရေကူးကန် ရှိ၊ မရှိ ပေါ်မူတည်ပြီး ဈေးကွာခြားမှုတော့ ရှိတာပေါ့လေ။ ဒါတောင် ဟိုတယ်အများစုက အခန်းပြည့်နေတတ်သေးတယ်။ အဓိက က ရာသီဥတု ပြင်းလွန်းတော့ ညမှာ အေးအေးချမ်းချမ်း အိပ်စက် အနားယူချင်တာက အဓိကပါပဲ။ အိမ်နေရင်း တီရှပ်လေး၊ ပုဆိုးလေးနဲ့ ဝတ်စုံအပို တစုံလောက် ကျွတ်ကျွတ်အိတ်လေးထဲထည့်၊ ဆိုင်ကယ်လက်ကိုင်ချိတ်လို့ တညအိပ်၊ နှစ်ညအိပ် သွားတည်းကြရတာ။ ဒီနေ့ခေတ် မြို့ပြလူနေမှုဟန်ပန် ဖြစ်လာပြီ။ ကျောပိုးအိတ်တွေ၊ လက်ဂေ့ချ်တွေတောင် မပါတော့ဘူး” လို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

အပူချိန်နဲ့ မိုးရွာသွန်းမှု အခြေအနေတွေကို ခန့်မှန်းပေးလျက်ရှိတဲ့ Eldorado Weather ရဲ့ ထုတ်ပြန်ချက်တွေမှာ ဧပြီလပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဟာ အပူချိန်အမြင့်ဆုံး မြို့တွေစာရင်းမှာ ပါဝင်လာတာကို တွေ့ရပါတယ်။

ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ထဲမှာ မြန်မာနိုင်ငံက မကွေး၊ မင်းဘူးနဲ့ ပြည်မြို့တွေဟာ အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်အထက် တည်ရှိကာ ပါဝင်လာခဲ့ပါတယ်။ မကွေးမြို့ဟာ ၄၃ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ အပူဆုံးမြို့အဖြစ် နံပါတ် (၂ ) နေရာမှာ ရပ်တည်ခဲ့ပြီး မင်းဘူးမြို့ကတော့ နံပါတ် (၁၀) နေရာ၊ ပြည်မြို့ နံပါတ် (၁၂ ) နေရာမှာ တည်ရှိခဲ့ပါတယ်။

ဧပြီ ၁၁ ရက်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့အပူဆုံးမြို့တွေမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့မြို့မှာ အိုမန်နိုင်ငံမှ Joba မြို့ဖြစ်ပြီး မကွေးတိုင်း၊ ချောက်မြို့မှာ အပူဆုံးမြို့အဖြစ် နံပါတ် (၂) နေရာ ရောက်ရှိနေတာကို တွေ့ရပါတယ်။ ချောက်မြို့ရဲ့ အပူချိန်ဟာ ၄၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်မှာ ရှိနေပြီး အပူဆုံးမြို့ ၁၅ မြို့မှာ မကွေးတိုင်း၊ မကွေးမြို့နဲ့ ပဲခူးတိုင်းမှ ပြည်မြို့တို့လည်း ပါဝင်နေပါတယ်။

မကွေးမြို့ဟာ ၄၃ ဒသမ ၉ ဒီဂရီစင်တီဂရိတ်နဲ့ နံပါတ် (၆) နေရာမှာရှိနေပြီး ပြည်မြို့ကတော့ ၄၂ ဒသမ ၈ ဒီဂရီစင်တီဂရိတ်နဲ့ နံပါတ် (၁၅) နေရာမှာ ရှိနေတာကို တွေ့ရပါတယ်။ ချောက်မြို့ဟာ အရင်ရက်ပိုင်းကတည်းက အပူဆုံးမြို့အဖြစ် ရပ်တည်ခဲ့တာဖြစ်ပြီး နံပါတ် (၂) နေရာကို ပြန်လည် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မကွေးတိုင်း၊ ချောက်မြို့ဟာ ဧပြီ ၆ ရက်မှာ နှစ်ပေါင်း ၅၆ နှစ်အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။

ရာသီဥတု ယိုယွင်းပျက်စီး ပြောင်းလဲတာနဲ့အမျှ နိုင်ငံတဝန်းမှာ အပူချိန်တွေ တိုးလာလို့နေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကာလထက် အခုနှစ်နွေရာသီကာလဟာ ပိုပြီး ပူပြင်း လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူတွေကတော့ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြား ရာသီဥတုဒဏ်အပြင် မီးပျက်၊ ရေမလာတဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရတာပါ။ မွန်ပြည်နယ်၊ သထုံမြို့မှာလည်း ရာသီဥတုက ပူတဲ့အပြင် မီးက မလာတော့ ရေပါပြတ်ပြီး အတော့်ကို ဒုက္ခရောက်နေရတယ်လို့ ဒေသခံလူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

သထုံမြို့ထဲက လိပ်အင်းရပ်ကွက်၊ ကျောက်လုံးကြီးကျေးရွာဘက်ခြမ်း၊ ကော့စံကျေးရွာဘက်ခြမ်းတွေမှာ သောက်သုံးရေ ပြတ်လပ်မှုတွေရှိနေသလို သထုံမြို့ပေါ်မှာဆိုရင် နန်းခဲရပ်ကွက်၊ ဘူတာအပိုင်း၊ ကွက်သစ်ပိုင်းတွေမှာ သောက်ရေအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

လက်ရှိ နွေရာသီကာလအတွင်း သထုံမြို့နယ်အပြင် မွန်ပြည်နယ်အတွင်းရှိ ကျန်မြို့နယ် အားလုံးနီးပါးမှာလည်း သောက်သုံးရေရှားပါးတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနဲ့ ပရဟိတ အရေးပေါ် လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက သောက်သုံးရေ လိုအပ်ချက်ရှိတဲ့ နေရာတွေဆီ ရေတွေ ဖြန့်ဝေလှူဒါန်းပေးနေတယ်လို့ သိရပါတယ်။

အဲဒီလို လျှပ်စစ်မီးပျက်၊ ရေပြတ်နေတာဟာ သထုံမြို့မှာတင်မက မြန်မာနိုင်ငံတဝန်းက နေရာတိုင်းလိုလိုမှာ ဖြစ်နေတာပါ။ လျှပ်စစ်မီးပျက်ပြီး အပူချိန်ကလည်း တိုးလာနေတဲ့အတွက် ညဘက် ပူပူလောင်လောင်နဲ့ အိပ်ရသလို ချက်ပြုတ်ရေးမှာလည်း ဂက်စ်နဲ့ ချက်ရတဲ့အပြင် အလျင်းသင့်ရင် သင့်သလို မီးသွေးဖို၊ ထင်းမီးဖိုတွေနဲ့ပါ ချက်ပြုတ်ရတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ အပိုဝင်ငွေကုန်တယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

လျှပ်စစ်မီးဟာ နေ့ဘက်မှာသာမက ညအိပ်ချိန်တွေမှာပါ ပြတ်တောက်မှု ပိုများလာတာကြောင့် အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မခင်တွေဟာ ရာသီဥတုရဲ့ ပူပြင်းတဲ့ဒဏ်ကို ပိုပြီး လှိမ့်နေအောင် ခံစားကြရပါတယ်။

လျှပ်စစ်မီး ပျက်ချိန်များနေတာဟာ လူတန်းစားမရွေး၊ ကဏ္ဍမျိုးစုံကို ထိခိုက်နေတဲ့ ကိစ္စတခုပါ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတော့ လျှပ်စစ်မီး ပုံမှန်ဖြန့်ဝေနိုင်မှာ မဟုတ်သေးဘူးလို့ ကြေညာထားပေမယ့် ဘယ်အချိန်မှာ လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မယ်ဆိုတဲ့ အချက်ကိုတော့ နိုင်ငံရေး အပြောင်းအလဲကာလ သုံးနှစ်ကျော်လာတဲ့အထိ တိတိကျကျ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ လက်ရှိမှာတော့ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုဟာ နွေရာသီကာလ အပူပြင်းဆုံးချိန်ကို လျှပ်စစ်မီးပြတ်တောက်နေတဲ့ကြားက ကြံ့ကြံ့ခံ ဖြတ်သန်းနေကြရဆဲ ဖြစ်ပါတယ်။ ။

Related posts

Leave a Comment

VOM News

FREE
VIEW