DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းကို အကြမ်းဖက်ပုဒ်မနဲ့ ထပ်တိုးအမှုဖွင့်



မေ ၆ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို နစက က ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်တိုးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို ဖမ်းဆီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး သုံးလအကြာ အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်မံ အမှုဖွင့်ခံထားရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၅) ဟာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ရင် အရေးယူလို့ရတဲ့ ပုဒ်မဖြစ်ပြီး ငါးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ပုဒ်မ ၅၂ (က) ကတော့ အကြမ်းဖက်မှုအုပ်စုဖွဲ့စည်းဖို့ အကြမ်းဖက်အဖွဲ့အစည်းတခုခုကို သိလျက်နဲ့ တာဝန်ပေးပြီး လှုပ်ရှားစေအောင် ဆောင်ရွက်မှုတွေ၊ အကြမ်းဖက်သူတွေ လွတ်မြောက်သွားအောင် သတင်းထိန်ချန်တာ၊ ဖွက်ထားတာ၊ အဆောက်အအုံ အသုံးပြုခွင့်ပေးတာ၊ ထောက်ပံ့မှု ပြုလုပ်တာတွေကို စွဲဆိုတာဖြစ်ပြီး ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

“ဘာကြောင့် အကြမ်းဖက်ပုဒ်မ ထပ်ဖွင့်ရသလဲဆိုတာကိုတော့ တရားရုံးဘက်က အခုထိ ပွင့်ပွင့်လင်းလင်း အသိပေးပြောဆိုထားတာတော့ မရှိသေးဘူး။ ပထမအမှုကလည်း ရုံးချိန်းတွေသာခေါ်ပြီး အမှုစစ်ဆေးတာမျိုး မရှိသေးတော့ ခုထိ မပြီးပြတ်သေးဘူး။ ဒီအချိန်မှာ အခုလို နောက်တမှု ထပ်တိုးတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေရော၊ အားလုံးကရော စိုးရိမ်နေကြတယ်” လို့ မိသားစုဝင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

DMG သတင်းထောက် ကိုထက်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့) က စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ပြုလုပ်တဲ့ ဆွမ်းတော်ကြီးလောင်းလှူပွဲကို ဓါတ်ပုံရိုက်နေချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တွေမြို့ရှိ DMG ရုံးကို နစကတပ်ဖွဲ့ဝင်တွေနဲ့ အထူးရဲတပ်ဖွဲ့ အပါအဝင် အင်အားနှစ်ဆယ်ကျော်ဝန်းကျင် ဝင်ရောက်စီးနင်းခဲ့ကာ ရုံးရှိ ကင်မရာ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းယူခဲ့ပြီး ညစောင့်ဝန်ထမ်းဖြစ်သူ ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့တယ်လို့ DMG သတင်းဌာနက ထုတ်ပြန် ပြောဆိုထားပါတယ်။

ကိုထက်အောင်ဟာ DMG သတင်းဌာနရဲ့ လေးယောက်မြောက် အမှုဖွင့်ခံရသူဖြစ်ပြီး အရင်ကလည်း အဲဒီသတင်းဌာနက အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက် အမျိုးသမီးတယောက်ကို နစကက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ လက်ရှိမှာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

မေ ၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့” မှာ ထုတ်ပြန်ထားတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကို ထုတ်ပြန်ခဲ့တာမှာ မြန်မာနိုင်ငံက ၁၇၁ မှာ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံ ၁၀ နိုင်ငံမှာ အီရီထရီးယား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ဗီယက်နမ်၊ ဘာရိန်း၊ တရုတ်နဲ့ မြန်မာတို့က အစဉ်အတိုင်း ရှိနေတယ်လို့ သိရပါတယ်။

သတင်းလွတ်လပ်မှု အရှိဆုံး နိုင်ငံတွေစာရင်းမှာတော့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့က အစဉ်အတိုင်း ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံထဲမှာ ပါဝင်နေပြီး အခု ၂၀၂၄ ခုနှစ်အတွင်း သတင်းထောက်တယောက် သတ်ဖြတ်ခံထားရကာ သတင်းသမား ၅၉ ယောက်နဲ့ သတင်းမီဒီယာလုပ်ငန်းထဲက အလုပ်သမား သုံးယောက်တို့ ဖမ်းဆီးခံထားရတယ်လို့ RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဝါရင့် သတင်းစာဆရာကြီးတယောက်က “မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်က လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်နေတာနဲ့အတူ ကျဆင်းနေဦးမယ်လို့မြင်တယ်။ မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်က ကမ္ဘာမှာ ဒုတိယအများဆုံး သတင်းသမား အဖမ်းခံရတဲ့ နိုင်ငံ ဆိုတာရယ်နဲ့တင် မှန်းဆကြည့်နိုင်တယ်။ ဘယ်လောက်ဆိုးသလဲ ဆိုတဲ့ဟာကို။ လက်တွေ့ အပြင်မှာလည်း သတင်းအလုပ်လုပ်ရင် ချက်ချင်းအဖမ်းခံရနိုင်တဲ့ အနေအထားဖြစ်နေတာ။ သတင်းမီဒီယာ ပီပီသသလုပ်ရင် ဘယ်ဘက်ကမှ မကြိုက်ကြသလို အသက်အန္တရာယ်လည်းရှိတော့ သတင်းသမားအလုပ်က မလုပ်သင့်တဲ့ အလုပ်လို့တောင် မြင်လာကြတဲ့အနေအထား ဖြစ်လာနေတဲ့ အခြေအနေမျိုးပါ” လို့ မှတ်ချက်ပြုပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း RSF က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ မြန်မာနိုင်ငံက ၁၄၀ မှာသာ ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သတင်းလွတ်လပ်ခွင့် တစ်စထက်တစ်စ ဆိုးရွားလာပြီး ၂၀၂၂ ခုနှစ်မှာတော့ အညွှန်းကိန်း ၁၇၆ အထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

Photo – Htet Aung (Fb)

Related posts

Leave a Comment

VOM News

FREE
VIEW