နစကလက်ထက်မှာ တပ်ပိုင်လေယာဥ်ပျက်ကျမှု ဆယ်ကြိမ်ထက်မနည်းရှိခဲ့

မေ ၊ ၇ ၊ ၂၀၂၄
SP (VOM)
ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ်မှာ မနေ့ မတ် ၆ ရက် ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က နစက စစ်သုံးရဟတ်ယာဥ် တစီးပျက်ကျခဲ့ပြီး ၊ အဲ့ဒီ ရဟတ်ယာဥ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့ လူ ခုနှစ်ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာချက်အရ သိရပါတယ်။
သတင်းတွေအရ ပျက်ကျခဲ့တဲ့ အဲ့ဒီ ရဟတ်ယာဥ်ဟာ ကယားပြည်နယ် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က မြေပြင်ကနေ ဝေဟင်ကို ပစ်ချခဲ့တာကြောင့် အခုလို ရဟတ်ယာဥ် ပျက်ကျခဲ့တာဖြစ်ပြီး ၊ ရဟတ်ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ တပ်မတော် အရာရှိ သုံးယောက်နဲ့ အခြားအဆင့် လေးယောက် ၊ စုစုပေါင်း ခုနှစ်ယောက်သေဆုံးကာ ၊ နှစ်ယောက် ဒဏ်ရာရထားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ကို VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး ။
ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစလို့ ဒီကနေ့အချိန်ထိ နစက အစိုးရအဖွဲ့ လက်ထက်မှာ လေယာဥ်ပျက်ကျမှုဖြစ်စဥ်ပေါင်း ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒီလို လေယာဥ်ပျက်ကျမှုဖြစ်စဥ်တွေပတ်သက်ပြီး အငြိမ်းစား လေသူရဲတယောက်က
” လေယာဥ်တွေ ဘာကြောင့် ပျက်ကျသလဲဆိုတာ သိရှိ ခြေရာခံနိုင်ဖို့ လေယာဥ်တိုင်းမှာ ပျံသန်းမှုမှတ်တမ်းထိန်းကိရိယာ ဘလက်ဘောက် (black box) တပ်ဆင်ထားတယ်။ နောက်ပြီး လေယာဥ်တွေ ပျံသန်းပြီးဆိုရင် ပင်မ လေကြောင်း ထိန်းချုပ်ရေးရေဒါ စခန်းနဲ့ နီးစပ်ရာ ရေဒါစခန်းတွေက ထိန်းချုပ် စောင့်ကြည့် အချက်ပေးတယ် ၊ ရုတ်တရက် လေယာဥ် ချို့ယွင်းမှု တစုံတရာဖြစ်ပေါ်ရင် အရေးပေါ် ဆင်းသက်နိုင်တဲ့ လေယာဥ် ဆင်းသက်နိုင်တဲ့ နည်းလမ်းတွေရှိတယ် ၊ ဘာကြောင့် လေယာဥ်တွေပျက်ကျမှုဖြစ်စဥ် အဖြစ်များသလဲဆိုရင် ၊ လေယာဥ်တိုင်းမှာ ပျံသန်းမှု အချိန်မှတ်တမ်းရှိတယ် ၊ ပျံသန်းတဲ့အချိန်နာရီပေါင်း ဘယ်လောက် အသုံးပြုပြီးလဲဆိုတာ ပြန်တွက်ချက်ရတယ် ၊ အသုံးပြုချိန်ပေါင်းဟာ ၊ သတ်မှတ်ပေးထားတဲ့ အချိန်ထက် ကျော်လွန်နေပြီဆိုရင် လေယာဥ် ထုတ်လုပ်တဲ့ကုမ္မဏီရဲ့ စစ်ဆေးမှုကို ခံယူရတယ် ၊ လေယာဥ်စည်းကမ်းအတိုင်း လိုက်နာမယ်ဆိုရင် ပျက်ကျဖို့ ဖြစ်စဥ် ၊ ဖြစ်ပွားနိုင်ဖို့ ရာခိုင်နူန်း အတော်လေးနည်းပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၆ ရက် ၊ မနက်ပိုင်းက မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့နယ် ၊ ပြည်သာယာအနီး တပ်မတော် (လေ) လေ့ကျင့်ရေး ရဟတ်ယာဥ်ငယ်တစီး စက်ချို့ယွင်းကာ ပျက်ကျခဲ့တယ်လို့ သိရပြီး အဲ့ဒီ ရဟတ်ယာဥ်ပေါ်မှာ သင်တန်းသားတယောက်လည်းပါဝင်တယ်လို့ သိရပါတယ်၊ အဲ့ဒီ ဖြစ်စဥ်မှာ ရဟတ်ယာဥ် ထိခိုက်ပျက်စီးတယ်လို့ နစက မှ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်ကမကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ် လက်မဲကန်အနောက်ဘက် တည်သီးကန် ကွင်းအမှတ် ၅၈၅ ကြို့ဝန်းကြီးကျေးရွာအနီး လေ့ကျင့်ရေး လေယာဥ်တစ်စင်း စက်ချို့ယွင်းပြီး ပျက်ကျခဲ့ပြီး လေယာဥ်မှူးနဲ့ တွဲဘက်လေယာဥ်မှူး နှစ်ယောက်ဟာ အဲ့ဒီ လေယာဥ်ပေါ်ကနေ လေထီးနဲ့ ခုန်ချ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် ၊ မနက် ၁၁ နာရီဝန်းကလည်းအိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောမြို့ ၊ လောင်ပွီး (Lengpui) လေးဆိပ်မှာ မီဇိုရမ်ပြည်နယ်ထဲကိုဝင်ရောက်လာတဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လာခေါ်တဲ့ မြန်မာနိုင်ငံပိုင် လေယာဥ်တစီးဟာ အဲ့ဒီ လေဆိပ်မှာ ကွင်းဆင်းတဲ့အချိန် ပြေးလမ်းချော်ပြီးနောက် အနီးက တောထဲကို လေယာဥ်ရောက်သွားပြီး လေယာဥ်ပြေးလမ်းပေါ်ဆင်းသက်နိုင်ခြင်းမရှိပဲ လေယာဥ်ကွင်းနားက တောထဲမှာ ကျရောက်ခဲ့တာကြောင့် လေယာဥ်ထိခိုက်ပျက်စီးကာ လိုက်ပါလာသူ လူရှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် ဒေသတွင်း သတင်းတွေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က ၊ ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ကို ၊ တပ်ချိန်းပြောင်းဖို့ လာရောက်တဲ့ ရဟတ်ယာဥ် နှစ်စီးအနက် ရဟတ်ယာဥ်တစီးဟာ မြေပြင်ကနေ ဝေဟင်ပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးပြီး ပျက်ကျခဲ့တဲ့အပြင် စစ်တပ် အရာရှိ တဦးအပါအဝင် ငါးယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက် ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ကချင်ပြည်နယ် ၊ လိုင်ဇာမြို့နားက နာဖော့ နစက စစ်အခြေစိုက် စခန်းကို ရိက္ခာတွေ ထောက်ပို့ပေးခဲ့တဲ့ ထောက်ပို့ရေး ရဟတ်ယာဥ် တစ်စီး ပျက်ကျခဲ့ပြီး လိုက်ပါခဲ့တဲ့ လေသူရဲ ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်မှာ လေယာဥ်မှူး နှစ်ဦး စီးနင်းလိုက်ပါလာတဲ့ တိုက်ခိုက်ရေးသုံး အပေါ့စား လေယာဥ်တစီး စက်ချို့ယွင်းပြီး ပျက်ကျသွားကာ လေယာဥ်မှုး နှစ်ယောက် လေထီးနဲ့ခုန်ချလွတ်မြောက်ပေမယ့် လေသူရဲ တယောက်ကို နစက လုံခြုံရေးအဖွဲ့က ကယ်ဆယ်နိုင်ပေမယ့် ကျန်တယောက်ကိုတော့ ကယ်ဆယ်နိုင်ခြင်းမရှိပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁၆ ရက် ၊ ၁၁ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ အုန်းတောကျေးရွာရဲ့ အရှေ့ဘက်နားက ရေမျက်ကြီးအင်းထဲမှာ အပေါ့စား လေ့ကျင့်ရေး လေယာဥ် တစီးပျက်ကျပြီး လေသူရဲ နှစ်ယောက် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ က ချင်းပြည်နယ် ဟားခါးမြို့နားမှာ ဌာနဆိုင်ရာ ပြောင်းရွေ့ဝန်ထမ်းတွေ လိုက်ပါလာတဲ့ ရဟတ်ယာဥ်တစီး ကွင်းဆင်းမှာ လေကြောင်း မငြိမ်မသက်မှုတွေကြောင့် ပျက်ကျပြီး ၊ အဲ့ဒီရဟတ်ယာဥ်ပေါ်မှာ လိုက်ပါလာသူတွေ ၊ ထိခိုက်ခိုက်ဒဏ်ရာ မရဘူးလို့ သိရပါတယ်။
နစက အစိုးရအဖွဲ့ တက်ပြီး လပိုင်းအတွင်း ၂၀၂၁ ဇွန် ၁၀ ရက် ၊ မနက်ပိုင်းက မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် အနီးစခန်းလေဆိပ်ကိုဆင်းတဲ့ စစ်တပ်ပိုင် လေယာဉ်တစီး ပျက်ကျပြီး၊ ဆရာတော်ကြီးတပါးနဲ့ အရာရှိတွေ အပါအဝင် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂ ယောက် သေဆုံးသွားပါတယ်လို့ သိရပါတယ်။
နစက အစိုးရအဖွဲ့ ပေါ်ပေါက်ပြီး နောက်ပိုင်း ၂၀၂၁ ကနေ ၂၀၂၄ ဖေဖော်ဝါရီအထိ လေယာဥ်ပျက်ကျမှုဖြစ်စဥ် ဆယ်ကြိမ်ထက်မနည်းရှိခဲ့ပြီး အဲ့ဒီ ဖြစ်စဥ်အရေးအတွက်ဟာ နစက အဖွဲ့ရဲ့ သတင်းမှတ်တမ်းထုတ်ပြန်ချက်အရ သိရသလောက်တာဖြစ်ပြီ ၊ လေယာဥ်ပျက်ကျမှုဖြစ်စဥ်တချို့ ကျန်ရှိနိုင်သေးတယ်လို့ လေကြောင်းအသိုင်းအဝိုင်းက ပြောပါသေးတယ်။
ပုံစာ ။ ၂၀၂၂ က ဟားခါးမှာပျက်တဲ့ ရဟတ်ယာဥ်

Related posts

Leave a Comment

VOM News

FREE
VIEW