သန်လျင်တံတား စီမံကိန်း ပြီးစီးတော့မှာကြောင့် သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော် မြင့်တက်နေ



မေ ၉ – ၂၀၂၄
SN (VOM)

သန်လျင်တံတား အမှတ် (၃) ပြီးစီးတော့မယ့် သတင်းတွေကြောင့် သန်လျင်မြို့နယ်ထဲက အိမ်ခြံမြေဈေးတွေ နှစ်ဆကျော် မြင့်တက်နေ တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ ရန်ကုန်မြို့တွင်း သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းဟာ လက်ရှိမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်တာကြောင့် သန်လျင်အိမ်ခြံမြေဈေးနှုန်းဟာလည်း နှစ်ဆကျော် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“သန်လျင်တံတားပြီးရင်တော့ သန်လျင်မှာ အခုထက်ပိုပြီး အိမ်ခြံမြေဈေး ကောင်းလာနိုင်တယ်။ မြို့ထဲနဲ့လည်းနီးတော့ အခု တံတားဖွင့်လာရင် သန်လျင်က ပိုပြီးတော့တောင် စည်ကားလာနိုင်တယ်။ အဲဒါကြောင့် အခုထက်ပိုပြီး ဈေးမတက်ခင်မှာ ကိုယ်‌နေဖို့ အစီအစဉ်မရှိဘူး ဆိုရင်တောင် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ သန်လျင်က အိမ်ခြံမြေတွေကို ဝယ်ယူထားသင့်တယ်” လို့ သန်လျင် အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။

လက်ရှိမှာ သန်လျင်အိမ်ခြံမြေဈေးကွက်အတွင်း အရင်က ကျပ် သိန်း သုံးထောင်ကျော် ပေါက်ဈေးရှိခဲ့တဲ့ မြေကွက်တွေဟာ ကျပ် သိန်း ခုနစ်ထောင်ကျော်ဈေး ရောက်ရှိနေပြီး အိမ်နဲ့ ခြံ ပေ ၂၀ × ၆၀ တကွက်ကို ကျပ် သိန်း တထောင်ကနေ ကျပ် သိန်း ခြောက်ထောင်အထိ ရှိနေတယ်လို့ သိရပါတယ်။

“ဒဂုံဆိပ်ကမ်းတို့၊ တောင်ဒဂုံတို့၊ အရှေ့ဒဂုံတို့ထက်စာရင် သန်လျင်က ဒီအချိန်မှာ ဈေးသိပ်မတက်သေးဘူးလို့ ပြောလို့ရတယ်။ ဒီအချိန် ရင်းနှီးမြှုပ်နှံတာ အကောင်းဆုံးပေါ့နော်။ သန်လျင်ဘက်မှာ လမ်းကအစ ပြောစရာမရှိအောင် ကောင်းတယ်။ နေလို့ထိုင်လို့လည်း အဆင်ပြေတယ်။ ဒါပေမယ့် တံတားတခုတည်းဖြစ်နေလို့ လတ်တလောက သွားရေးလာရေး ခက်နေတာပေါ့။ ဒီတံတားအသစ်ကြီး ပြီးသွားရင်တော့ အစစအရာရာ အဆင်ပြေနိုင်တယ်” လို့ နောက်ထပ် အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။

ဒါပေမယ့်လည်း သန်လျင်မြေဟာ တခြားသော မြို့နယ်တွေလို ဂရန်မြေ ရှားပါးပြီး ပါမစ်မြေနဲ့ စလစ်မြေ များပြားတာကြောင့် ကျွမ်းကျင်တဲ့ ရှေ့နေတွေနဲ့ မြေစာရင်းရုံးမှာ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စနစ်တကျ စစ်ဆေးပြီးမှသာ ဝယ်ယူသင့်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက အကြံပြုပါတယ်။

တံတားစီမံကိန်း ပြီးစီးပါက လက်ရှိ တံတားအမှတ် (၁) မှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ပြေလည်သွားနိုင်တာကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် သီလဝါအထူးစီးပွား ရေးဇုန်ကို အကြောင်းပြုပြီး ပြည်တွင်း၊ပြည်ပ စီးပွားရေးလုပ်ငန်းတွေ တိုးပွားလာနိုင်တာကြောင့်လည်း ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်တွေဖြစ်တဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသတွေရဲ့ အိမ်ခြံမြေဈေးတွေလည်း မြင့်တက်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW