နစကတက်ပြီးနောက်ပိုင်း နိုင်ငံအဝှမ်း ခိုး ဆိုး လုယက် ဓားပြ ၊ လူသတ် မှုတွေ အဖြစ်များလာ



မေ ၊ ၁၁ ၊ ၂၀၂၄
TT(VOM)

ပြည်ထဲရေးဌာနရဲ့ သုံးနှစ်တာ အမှုကြီးဖြစ်စဥ် နှိုင်းယှဥ်ချက် ဇယားပါ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံအဝှမ်း ခိုး ၊ ဆိုး ၊ လုယက် ၊ ဓားပြ ၊ လူသတ် ၊ ပြန်ပေးဆွဲ စတာတွေ အဖြစ်များလာတယ်လို့ ပြည်ထဲရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ သုံးနှစ်တာ အမှုကြီး ဆယ်မျိုး ဖြစ်စဥ် နှိုင်းယှဥ်ချက် အရ လူသတ် ၊ ဓားပြ ၊ ပြန်ပေးဆွဲ မှုနဲ့ အခြားအမှု ခိုးဆိုးနှိုက် ဖြစ်စဥ်တွေလည်း ဖြစ်ပွားမှုတိုးလာတယ် ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုရင် လူတွေက အလုပ်အကိုင် အဆင်မပြေတာ ၊ အလုပ်အကိုင် အခွင့်လမ်းရှာပါးတာ ၊ ကုန်စျေးနူန်းကြီးမြင့်တာ ၊ နောက်ပြီး ခေတ်ကာလ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တမင်မှုခင်း ဖန်တီးတာတွေကြောင့်ဖြစ်တယ် ၊ အဲ့ဒီ အပြင် မူးယစ်ဆေးဝါးနဲ့ လောင်းကစား ကိစ္စတွေလည်း ပါဝင်တယ် ” လို့ ပြည်ထဲရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အမှုစစ် ရဲအရာရှိ တယောက်က
” ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ လူသတ် ၊ ဓားပြ ၊ ပြန်ပေးဆွဲ ဖြစ်စဥ်တွေ သိသိသာသာ မြင့်တက်လာတယ် ၊ ရန်ကုန် ၊ မန္တလေး ၊ မုံရွာ ၊ ပခုက္ကူ စတဲ့ မြို့ကြီးတွေ အပါအဝင် မြို့နယ်ပေါင်း သုံးဆယ်ကျော်မှာ ဘဏ်ဓားပြ ၊ ရွှေဆိုင်ဓားပြနဲ့ စီးပွားရေးလုပ်ငန်းရှင် ဓားပြတိုက်ခံရမှုတွေ အဖြစ်များလာတယ် ၊ နစက ပေါ်ပေါက်ပြီး နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အသတ်ခံရသူပေါင်း လူတသောင်းဝန်းကျင်ရှိလာတယ် ၊ လူသတ်မှုဖြစ်စဥ် အခင်းဖြစ်ပွားရာ ဒေသတွေက မန္တလေးတိုင်း တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေ ၊ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်က ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်းက မြို့နယ် နှစ်ဆယ်ကျော် ပါဝင်တယ် ၊ လူပြန်ပေးဆွဲမှုဖြစ်စဥ် အဖြစ်များတာက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ အပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလည်းပါဝင်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မှတ်တမ်းတွေအရ နိုင်ငံအဝှမ်း ရွှေရတနာဆိုင် ဓားပြမှု ၅၂ ကြိမ် ၊ ဘဏ်ဓားပြမှုနဲ့ ငွေထုတ်/ ငွေလွဲ လုပ်ငန်း ၁၈ ကြိမ် ၊ နေအိမ်တိုက်ခံရမှု (ဘုန်းကြီး ကျောင်း တချို့ ဓားပြတိုက်ခံရတာ ပါဝင်) ဓားပြမှု ၄၃ ကြိမ် ၊ လူပြန် ပေးဆွဲမှု ၂၁ ကြိမ် ၊ နိုင်ငံခြားသား လုပ်ငန်းရှင် ပြန်ပေးဆွဲခံရမှု ၃ ကြိမ် ၊ လူသတ်မှုေကြာင့် သေဆုံးသူ ၈၇၅၂ ယောက် ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ အမှုကြီးဖြစ်စဥ် အရေအတွက် ကိန်းဂဏန်းတွေထက် မြေပြင်မှာ အခင်းဖြစ်ပွားမှု အရေအတွက်နူန်းက ပိုမိုများနိုင်ပြီး နစ်နာသူ ကာယကံရှင်တချို့က အကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားတိုင်တန်းတာတွေ မလုပ်ဘူးလို့လည်း သိရပါတယ်။

မေ ၁၀ ရက် မနေ့ညပိုင်းက စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ရေခါးကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းရဲ့ မိသားစုဖြစ်တဲ့ ဦးစောမောင်မြင့် (၃၈)နှစ်၊ မောင်ဝေယံဖြိုး (၁၈) နှစ်နဲ့ ဦးခင်မောင်မြင့် (၄၀)နှစ် ဆိုသူ သုံးယောက် အသတ်ခံရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၉ ရက် မနက်ပိုင်းက မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ ဆုံကျေးရွာမှာ ကလေး/ လူကြီး လူ အယောက် ၃၀ ကျော် အသတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် မေ ၅ ရက်ညတုန်းက ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ လူ လေးယောက်ပါဝင်တဲ့ ဆိုင်ကယ်သူခိုးဂိုဏ်းတခုကို ခိုးရာပါ ဆိုင်ကယ် ၁၃ စီးနဲ့အတူ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ တာချီလိတ် ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW