မူဆယ်မှာ စမတ်ကတ် အတု ကိုင်ဆောင်သူ ၁၀ ယောက် ဝန်းကျင် ဖမ်းမိ



မေ ၁၁၊ ၂၀၂၄
Shy V (VOM)

တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မှာ ဒီရက်ပိုင်းအတွင်း စမတ်ကတ် အတု ကိုင်ဆောင်သူ ၁၀ ယောက် ဝန်းကျင် ဖမ်းမိကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေနဲ့ နယ်စပ် ဒေသခံ တွေဆီက သိရပါတယ်။

“မြန်မာဘက်မှာ ဖမ်းမိတာ။ အခုဝန်ခံကတိ ထိုးခိုင်းတယ်။ ခြောက် ယောက်က အကြောက် လွန်ပြီး ထွက်ပြေးပြီ။ ၁၂ ယောက်။ ပွဲစားလုပ်တဲ့သူက မမိဘူး။ ရန်ကုန်ကတဲ့။ Online နဲ့ လုပ်တာ။” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

နယ်စပ် ဒေသခံ အမျိုးသမီး တယောက်ကလည်း “တချို့ ပွဲစားတွေနဲ့ လုပ်တဲ့ စမတ်ကဒ် (UID) အတုတွေ ဖြစ်နေတယ်။ စမတ်ကဒ် အတုကြောင့် တချို့ ရုံးရောက်၊ ထောင်ရောက် တွေ ဖြစ်ကုန်ပြီ။ တချို့ပွဲစားတွေ လုပ်တာတော့ အစစ်တွေ ဖြစ်ရင် ဖြစ်မှာ ပေါ့နော်။ တချို့ပွဲစားတွေကျတော့ သူများချွေးနဲစာကို အငမ်းမရစားချင်နေကြတာ။ စမတ်ကဒ် လုပ်တယ် ဆိုတာ ကိုယ်တိုင် သွားလုပ်ရတဲ့ အရာ။ တုံကင် ဝယ်တယ် ဆိုရင် မပြောလိုဘူး။” လို့ ပြောပြပါတယ်။

ပွဲစားနဲ့က စမတ်ကဒ်ကို ဝယ်တာ မဟုတ်ပဲ တုံကင်တန်းထားတဲ့ စီနီယာ နံပါတ် အမြန် ရအောင် ဝယ်ယူရတာဖြစ်ပြီး ထုတ်ပေးမယ့်နေ့က ကိုယ်တိုင် ရုံးမှာ အချက်အလက် သွားဖြည့်ရတာလို့ ရွှေလီမှာ အလုပ်လုပ်နေတဲ့ မိန်းကလေး တယောက်က ပြောပါတယ်။

“ပွဲစားနဲ့ အပ်ထားတယ်။ တရုတ်ယွမ် ၁၂၀၀ (ကျပ် ၆ သိန်းကျော်)နဲ့။ ထုတ်ပေးမယ့်နေ့ မရောက်ခင် တစ်ရက် အလိုကျရင် ဖုန်းဆက်လာမယ်ပြောတယ်။ လူကိုယ်တိုင် သွားယူရမှာ။” လို့ သူက ပြောပါတယ်။

လက်ရှိလူပွဲစား ကနေ တဆင့် ပြုလုပ်ထားတဲ့ မှတ်ပုံတင်ကတ်ပြားအတုနဲ့ စမတ်ကတ်အတုနဲ့ တရုတ်ဘက် ဝင်ဖို့ လာတဲ့သူ ၁၀ ယောက် ဖမ်းမိကြောင်း မူဆယ် သက်ဆိုင်ရာဌာနက သတင်းထုတ် အသိပေးထားပါတယ်။

လဝကရုံးနဲ့ နန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ် တွေမှာ ကွန်ပြူတာ စကင်ဖတ်စက်နဲ့ စစ်ဆေးတဲ့အချိန်မှ “အတု”၊ မိတ္တူ ဖြစ်ကြောင်းသိရတယ် လို့ ဆိုပါတယ်။

လဝကရုံးမှာ UID – Biographical/Biometric အရပ်ဖက်အခေါ် စမတ်စ်ကတ်) လုပ်တယ်ဆိုတာ ကာယကံရှင်ကိုယ်တိုင်ရဲ့ လက် ၁၀ ချောင်း လက်ဗွေနှိပ်ရမယ်။ ကာယကံရှင်ကိုယ်တိုင်ရဲ့ မျက်နှာကို Scan ဖတ်ရမယ်။ကာယကံရှင်ကိုယ်တိုင်ရဲ့ မျက်စိကို Scan ဖတ်ရမယ်။ အခြား အချက်အလက် တွေလည်း ဖြည့်ရမှာ‌ ဖြစ်တာကြောင့် လူကိုယ်တိုင် “တိုကင်” ယူပြီးလုပ်ဖို့၊ ကိုယ်စား (အစားထိုး) လုံးဝလုပ်လို့မရကြောင်းလည်း ရှင်းပြထားပါတယ်။

အွန်လိုင်းပေါ်က မှတ်ပုံတင်၊ UID (စမတ်ကဒ်)၊ TBP (ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် ၇ ရက်ကဒ်)၊ BP (နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ) တွေ ပြုလုပ်ပေးကြောင်း ဝန်ဆောင် မှုပေးကြောင်း ကြော်ငြာနေတဲ့ ပွဲစားတွေကို မယုံကြဖို့၊ ပွဲစားနဲ့ မလုပ်ကြဖို့ သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာက ကြေညာတဲ့အတိုင်း စနစ်တကျတန်း စီပြီး “တိုကင်” စနစ်နဲ့ ရိုးရှင်းစွာ ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပြီး သက်ဆိုင်ရာဌာန အနေနဲ့ ငွေကြေးကောက်ခံခြင်း “လုံးဝ” လုံးဝ မပြုလုပ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခုလ မေ ၁ ရက်နေ့ကစပြီး နယ်စပ်ဂိတ်တွေ ကနေ တဖက်နိုင်ငံတွေကို သွားလာမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ စမတ်ကတ်ပါမှသာ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့် ၇ ရက်ကတ်နဲ့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်‌ ထုတ်ပေးတော့တာ ဖြစ်ပါတယ်။

Photo Crd# နယ်စပ် ဒေသခံ၊ ရွှေလီရှမ်း

Related posts

Leave a Comment

VOM News

FREE
VIEW