အခုလအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်



မေ ၁၁ – ၂၀၂၄
SN (VOM)

အခု မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ဒီကနေ့ မေ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ မေလ ဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့မှာ လေထု မငြိမ်မသက်မှု ဖြစ်ပေါ်ရာမှ လာမယ့် မေလ ၁၈ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်း စတင် အစပျိုးခြင်းမရှိသေးတဲ့အတွက် ခန့်မှန်းချက်တွေ အားလုံးဟာ တိုင်းထွာတဲ့ အချိန်၊ အသုံးပြုတဲ့ Data နဲ့ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်တို့အပေါ် မူတည်ပြီး ရွေ့လျားမယ့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေတယ်လို့ သိရပါတယ်။

“ဘင်္ဂလားပင်လယ်မှာ ထူးခြား မိုးလေဝသရှိတာနဲ့ မြန်မာနိုင်ငံမှာလည်း မိုးလေဝသထူးခြားလို့ မိုးဇလဌာနအနေနဲ့ ဘင်္ဂလားပင်အော်အခြေအနေ ထူးခြားမှု ရှိ၊ မရှိ နေ့စဉ် မိုးလေဝသခန့်မှန်းချက်တိုင်းမှာ ဖော်ပြပေးနေပါတယ်။ အထူးသဖြင့်တော့ အခုလို မုန်တိုင်းဖြစ်တတ်တဲ့ ရာသီရောက်ရင် လေထုဖိအား၊ ပင်လယ်ရေအပူချိန်၊ တိမ်ဖွဲ့စည်းမှုတွေကအစ ခန့်မှန်းသူတွေက အသေးစိတ် စောင့်ကြည့်ကြပါတယ်။ မိုးလေဝသခန့်မှန်းချက် မော်ဒယ်တွေကလည်း ပုံအမျိုးမျိုးနဲ့ အလွယ်တကူ ရလာတာကလည်း အားသာချက်တခုပေါ့။ အားနည်းချက်ကတော့ ၃-၄ရက်လောက်တော့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ကြပါတယ်။ လက်ရှိအခြေအနေမှာလည်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်ခြေရှိတဲ့အကြောင်း ကြိုတင်သတိပြုနိုင်အောင် ထုတ်ပြန်ထားပါ။ ဖြစ်ပေါ်တဲ့အခြေအနေ သေချာမှုပိုများလာခဲ့ရင် သတင်း ဆက်ထုတ်ပြန်ပေးမှာပါ” လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

မေလ ဒုတိယ (၁၀) ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

မိုးရွာရက်အနေနဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ခြောက်ရက်မှ ကိုးရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နှစ်ရက်မှ ငါးရက်ခန့် မိုးထစ်ချုန်းရွာနိုင် တယ်လို့ သိရပါတယ်။

နေ့အပူချိန်တွေအနေနဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မေလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ မေလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေအထိ မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) နဲ့ မန္တလေးတိုင်းတို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ သိရပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေကတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ကြဖို့ မိုး/ဇလက အသိပေးထားပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အနီးတဝိုက်အတွက် ဒီနေ့ညနေအထိ ခန့်မှန်းချက်အနေနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်မှာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာ မန္တလေးနဲ့ နေပြည်တော်မှာတော့ ရွာရန်ရာနှုန်း ၆၀ ဖြစ်တယ်လို့ သိရပါတယ်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW