တိုက်ပွဲကြောင့် သံတွဲ တမြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်မှု ရှစ်ရက်ထိ ကြာမြင့်လာ



မေ ၂၄ – ၂၀၂၄
GG (VOM)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် သံတွဲတမြို့လုံးမှာ လျှပ်စစ်မီးပြတ်တောက်နေတာ ရှစ်ရက်အထိ ရှိလာနေပြီဖြစ်လို့ ဒေသခံပြည်သူတွေ ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။

” တိုက်ပွဲဖြစ်လို့ဓာတ်အားတိုင်တွေကျိုးသွားလို့မီးပြတ်တာလို့သိရတယ်။ဖြစ်တဲ့နေရာလည်းသိရပြီးကြားပေမယ့်တိုက်ပွဲကြောင့်သွားပြင်လို့မရသေးဘူးကြားတယ်။အတိအကျတော့သူတို့ထုတ်ပြန်မှသိရမယ်၊ခုထိထုတ်ပြန်တာမရှိဘူး၊တမြို့လုံးတနယ်လုံးမလာဘူး ” လို့ သံတွဲမြို့ခံတယောက်ကပြောပြပါတယ်။

လျှပ်စစ်မီးက မေလ ၁၇ ရက်နေ့ညကစပြီး ပြတ်တောက်နေတာ ဒီနေ့မေလ၂၄ ရက်နေ့အထိဖြစ်ကြောင်း၊ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြည်သူတွေဒုက္ခရောက်ရသလို၊ ဘဏ်လုပ်ငန်းတွေနှောင့်နှေးသွားသလို အောက်ဆီဂျင်စက်ရုံတွေလည်းလည်ပတ်နိုင်ခြင်းမရှိလို့ လူနာတွေဒုက္ခရောက်ရကြောင်း၊ လျှပ်စစ်မီးအသုံးပြုရတဲ့လုပ်ငန်းတွေ၊ ဆေးရုံတွေ အားလုံးအဆင်မပြေဖြစ်ကာ ဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။

“မီးပြတ်တော့လုပ်ငန်းပိုင်းဆိုင်ရာတွေအခက်အခဲဖြစ်တယ်၊ဘဏ်တွေပေါ့။အလုပ်တွေနှောင့်နှေးတာအများကြီးအခက်အခဲတွေကအများကြီးပဲ၊ပိုက်ဆံရှိသူကတော့ မီးစက်လေးနဲ့ဓာတ်ဆီထည့်ရေမောင်းပေါ့၊ လူနာတွေဆိုလည်း ဆေးရုံတင်ဖို့လူနာ၊ဆေးရုံမှာနေမှအဆင်ပြေမယ့်လူနာတွေဆိုလည်း လျှပ်စစ်မီ းမရလို့ ဆေးရုံမတက်ရဘဲကိုယ့်အိမ်မှာကိုဆေးသောက်နေရတယ်၊အောက်ဆီဂျင်စက်ရုံရှိပေမယ့်လည်းမလည်ပတ်နိုင်ဘူး ၊အချက်အပြုတ်ပိုင်းရောအားလုံး အခက်အခဲတွေဖြစ်နေတာပေါ့” လို့ နောက်ထပ်သံတွဲဒေသခံတဦးကပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှအပေါ် တဖက်တလမ်းကနေ အထောက်အကူပြုတဲ့ သံတွဲမြို့လူမှုကူညီရေးအသင်းအချို့က အချိန်ပိုင်းပြီး မီးစက်မောင်းကာ ဖုန်းအားသွင်းဖို့ စီစဉ်ပေးတာတွေရှိနေပါတယ်။

သံတွဲမြို့နယ်ထဲက သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းရှိရာ ဘက်ခြမ်းအနီးက လင်းသီ၊ ရွှေလှေ စတဲ့ ရွာဘက်တွေမှာတိုက်ပွဲတွေက ဖြစ်ပွားနေတာဖြစ်ပြီး သံတွဲမြို့ပေါ်ကအထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့သိရပါတယ်။

သံတွဲမြို့နယ်ထဲကရွာတွေမှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ကျေးရွာနေဒေသခံပြည်သူတွေ အနီးနားကရွာတွေနဲ့ သံတွဲမြို့ပေါ်ကိုစစ်ရှောင်ရောက်နေကြသလို တိုက်ပွဲအကြားမှာ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူလည်း ၂၀ ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူ၊နေအိမ်တွေပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။

သံတွဲမြို့ပေါ်မှာလည်း စစ်ဆေးရေးဂိတ်တွေတိုးလာကာ စစ်ဆေးမှုတွေပိုရှိနေပြီး တိုက်ပွဲဖြစ်တဲ့ရွာဘက်တွေကို သွားတဲ့လမ်းတွေကတော့ လုံခြုံရေးအရသွားလာဖို့မလွယ်သလို့ တာဝန်ရှိသူတွေဘက်ကလည်းပိတ်ထားတယ်လို့သိရပါတယ်။

သံတွဲမြို့ပေါ်အထိတိုက်ပွဲတွေကူးစက်မလာသေးပေမယ့် ရွာတွေမှာဖြစ်နေတဲ့တိုက်ပွဲကြောင့် သံတွဲမြို့ပေါ်မှာ ဆေးဝါးအပါအဝင် ကုန်ဈေးနူန်း တွေလည်း ပုံမှန် ထက်တဖြေးဖြေးမြင့်တက်လာနေတယ်လို့သိရပါတယ်။

Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW