မုန်တိုင်းလမ်းကြောင်း ပြောင်းနိုင်သေးတဲ့အတွက် သတိပြုဖို့ လို

မေ ၂၄ – ၂၀၂၄
SN (VOM)
လက်ရှိ ခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်နိုင်ပေမယ့် လမ်းကြောင်း ပြောင်းနိုင်သေးတဲ့အတွက် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
“လောလောဆယ် ခန့်မှန်းတာတော့ မြန်မာဘက်ကို မဝင်ဘူးပေါ့။ ဒါပေမယ့် မုန်တိုင်းလမ်းကြောင်းက အမျိုးမျိုး ပြောင်းလဲနိုင်သေးတဲ့ အနေအထားတော့ ရှိသေးတယ်။ အထူးသဖြင့် မေ ၂၅ ၊ ၂၆ ၊ ၂၇ အဲ့ရက်တွေကတော့ မုန်တိုင်းသတင်းတွေကို ပိုပြီး သတိပြု စောင့်ကြည့်ဖို့ လိုတယ်” လို့ ဦးလှထွန်းက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့ မေ ၂၄ ရက်၊ မနက် ၅ နာရီခွဲအချိန်မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့် ရှိနေပြီး ဒီကနေ့ နေ့လယ် (ဒါမှမဟုတ်) ညနေပိုင်း အချိန်တွေမှာ မုန်တိုင်းငယ်အဆင့် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် အဲဒီ မုန်တိုင်းငယ်ဟာ အရှေ့မြောက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး မနက်ဖြန် မေ ၂၅ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။
“ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီဆိုရင်တော့ နာမည်ပေးရတဲ့အဆင့် ရောက်ပြီပေါ့။ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီးပြီဆိုရင်တော့ သူက မြောက်ကို ပြန်ရွေ့မယ်။ “မြောက်” ဆိုတာ တည့်တည့်ပြန်ရွေ့မယ်ပေါ့။ အရှေ့မြောက် ရွေ့ရာကနေ မြောက်ဘက်ကို ပြန်ရွေ့ပြီးတော့ ဆက်ပြီး အားကောင်းနိုင်ဖို့ရှိတယ်။ ပြီးရင်တော့ မေ ၂၆ ရက်နေ့၊ ညနေပိုင်းနဲ့ ညပိုင်းအချိန်လောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အနောက်၊ ဘင်္ဂလားကမ်းခြေ၊ အဲဒီနားကို ရောက်မယ်လို့တော့ လောလောဆယ် ခန့်မှန်းထားတယ်” လို့ သူက ပြောပါတယ်။
လတ်တလော ခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်နိုင်ခြေ မရှိဘူးဆိုပေမယ့် မုန်တိုင်းလမ်းကြောင်းရဲ့ လက်ယာဘက်မှာ မြန်မာနိုင်ငံ ရှိနေတာကြောင့် သက်ရောက်မှုကတော့ ရှိနေပြီး အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသတွေအနေနဲ့ ပိုပြီး သတိပြုဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“ထုံးစံအတိုင်းပေါ့။ ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ရင်တော့ ကိုယ့်နိုင်ငံထဲကို မလာပေမယ့်လို့ မုန်တိုင်းရဲ့အနေအထား၊ မုန်တိုင်းလမ်းကြောင်း၊ မုန်တိုင်းရဲ့ အဆောက်အအုံ၊ သူ့ရဲ့ အနေအထားအရတော့ မြန်မာနိုင်ငံလည်း အထိုက်အလျောက်တော့ သက်ရောက်မှု ရှိတာပေါ့။ နောက်တခုက မြန်မာနိုင်ငံက မုန်တိုင်းလမ်းကြောင်းရဲ့ လက်ယာဘက်မှာလည်းရှိတော့ သက်ရောက်မှုကလည်း နည်းနည်းပိုနိုင်တယ်။ မုန်တိုင်းရဲ့ လက်ရှိ သူသွားမယ့်နေရာ အနေအထားအရ မွန်၊ တနင်္သာရီထက်စာရင် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဘက်ကတော့ ပိုပြီး သက်ရောက်မှုများသလို အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းက သက်ရောက်မှု ပိုနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း ကမ်းပင်လယ်ပြင်မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးတာတွေ ရှိနိုင်ကာ ပင်လယ်ပြင် လေတိုက်နှုန်းအနေနဲ့ ဒီကနေ့ မေ ၂၄ ရက်နေ့မှာ မိုင် ၄၀ ကနေ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၃ ပေအထိ ရှိနိုင်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး မေ ၂၅ ရက်ကနေ ၂၆ ရက်နေ့အတွင်း မုန်တိုင်းလမ်းကြောင်း အပေါ်တက်သွားတဲ့အချိန်မှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိလာနိုင်တဲ့အတွက် လေတိုက်နှုန်းက မိုင် ၅၀ ကနေ ၆၀ လောက်အထိ ရှိနိုင်ပြီး လှိုင်းအမြင့် ၁၃ ပေကနေ ၁၆ ပေအထိ ရှိနိုင်တယ်လို့ သိရပါတယ်။
“မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း၊ အဲဒီအရပ်ကတော့ သက်ရောက်မှု ပိုများတာပေါ့။ လောလောဆယ် ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံထဲကို မုန်တိုင်းမဝင်ပေမယ့် လမ်းကြောင်း အနေအထားအရ မုန်တိုင်းရဲ့ လက်ယာဘက်မှာ ရှိတော့ သက်ရောက်မှုက ပိုတာပေါ့။ အဲဒါကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်းတောင်မှ မြောက်ပိုင်းဘက်ပေါ့။ ပိုပြီးတော့ နည်းနည်းလေး သတိပြုဖို့လိုတယ်။ မုန်တိုင်းက ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကိုရောက်ရင် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ရောက်နိုင်တယ်။ အကယ်၍ မရောက်ဘူး ဆိုရင်တော့ ဒီဘက်မှာ သက်ရောက်မှုကတော့ နည်းမှာပေါ့။ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရင်တော့ မုန်တိုင်းရဲ့ ပြင်းအားကြောင့် မြန်မာ့ကမ်းရိုးတန်းမှာ လေတိုက်နှုန်း ပိုနိုင်တယ်။ ဒါက ပင်လယ်ပြင်ခရီးအတွက် ပြောတာနော်။ ကုန်းပေါ်မှာတော့ လေတိုက်နှုန်းတော့ရှိပေမယ့် နည်းနိုင်တယ်။ မုန်တိုင်း တိုက်ရိုက်ဝင်တာ မဟုတ်တဲ့အတွက် အရှိန်ကတော့ ပင်လယ်ပြင်မှာ ပိုပြီးတော့ များနိုင်တယ်။ မြန်မာ့ကမ်းရိုးတန်း၊ ပင်လယ်ကမ်းလွန်မှာတော့ လှိုင်းကြီးတာ၊ လှိုင်းအလွန်ကြီးတာ၊ လေပြင်းတိုက်တာတွေတော့ ရှိနိုင်တယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ မေလ ၂၄ ရက်နေ့၊ မနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ အားကောင်း သော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ရဲ့ မြောက်-အနောက်မြောက်ဘက်၊ ရေမိုင် ၃၀၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun) ရဲ့ အနောက်- အနောက်တောင်ဘက်၊ ရေမိုင် ၃၆၀ မိုင်ခန့်၊ ဂွမြို့ (Gwa) ရဲ့ အနောက်-အနောက်တောင်ဘက်၊ ရေမိုင် ၃၉၅ မိုင်ခန့်၊ သံတွဲမြို့ (Thandwe) ရဲ့ တောင်-အနောက်တောင်ဘက်၊ ရေမိုင် ၄၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ရဲ့ တောင်-အနောက်တောင်ဘက်၊ ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကန်နင်းမြို့ (Canning) ရဲ့ တောင်ဘက်၊ ရေမိုင် ၄၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီကနေ့ မေ ၂၄ ရက်၊ မနက်ပိုင်းမှ မေ ၂၇ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာတွေမှာ ဒေသ အလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ် နိုင်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW