ရန်ကုန်-မန္တလေးလမ်းက ကညွတ်ကွင်းရထားလမ်းပိုင်း မိုင်းခွဲခံရလို့ ရထားခရီးစဉ်တွေ ရပ်ဆိုင်း



မေ ၂၄ – ၂၀၂၄
GG (VOM)

ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ကညွတ်ကွင်းနဲ့ ညောင်ပင်သာကြားကရထားလမ်း မိုင်းခွဲဖျက်ဆီးခံရလို့ ရထားခရီးစဉ်တွေ ယာယီရပ်ဆိုင်းလိုက်ရတယ်လို့သိရပါတယ်။

မေလ ၂၄ ရက်ဒီနေ့ မနက်အစော ၂ နာရီလောက်မှာ ကညွတ်ကွင်းနဲ့ ညောင်ပင်သာကြားမှာရှိတဲ့မိုင်တိုင် ၁၂၆/၇-၈ ကြား၊ ပတ္တာရွာလမ်းကူးအနီးမှာ မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး အဆန်လမ်းက အတွင်းသံလမ်း ၄ ပေလောက် ပြတ်ထွက်ခဲ့သလို ကွန်ကရစ်ဇလီဖား ၅ တုံးလောက် ပျက်စီးကာ အစုန်လမ်းကလည်း အတွင်းသံလမ်း ၄ ပေလောက် ပြတ်ထွက်ပြီး ကွန်ကရစ်ဇလီဖား ၅ တုံးလောက် ပျက်စီးခဲ့တယ်လို့သိရပါတယ်။

” ရထားလမ်းပျက်စီးသွားလို့ခရီးစဥ်တွေရပ်နေတယ်၊ကုန်ရထားနဲ့ကျန်ရထားတွေကို ညောင်လေးပင်နဲ့ ဖြူးဘူတာမှာရပ်ထားရတယ်။ရထားပြင်ဆင်မှုတော့လုပ်နေကြတုန်းပဲ ” လို့ ဖြူးဘူတာမှအမည်မဖော်လိုသူ ရထားဝန်ထမ်းတယောက် ကပြောပါတယ်။

ခုမေလ ၁ ရက်နေ့ကလည်း ရန်ကုန် – မန္တလေးလမ်းဟောင်း ကားလမ်းပေါ်၊ ဖြူးမြို့၊ ကညွှတ်ကွင်းမြို့နယ်ထဲက တံတားတစင်းမိုင်းဖောက်ခွဲဖျက်ဆီးခံရသလို ရထားလမ်းလည်းမိုင်းခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ပါတယ်။

အလားတူဇန်နဝါရီလ ၄ ရက်နေ့ကလည်း ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့နယ်ထဲက တံတားတစင်း မိုင်းဖောက်ခွဲခံရပြီး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက်နေ့ကလည်း ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်း၊ သထုံမြို့ နယ်၊ သိမ်ဆိပ်နဲဒုံဝန်းဘူတာအကြား၊ မိုင်တိုင်အမှတ်၊ ၁၂၄/၁၄-၁၃ ရှိ တံတားတစ်စင် မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ရထားလမ်းနဲ ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်းစုစုပေါင်း ( ၂၀၆)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲ ဖျက်ဆီးခြင်း (၁၆၃) ကြိမ်၊ ဘူတာအဆောက်အဦနဲ့ဝန်ထမ်းနေအိမ်မီးရှို့ခြင်း (၄၂)ကြိမ် ရှိခဲ့တယ်လို့ မြန်မာ့မီးရထားကထုတ်ပြန်မှုအရသိရပါတယ်။

Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW