မေ ၊ ၂၄ ၊ ၂၀၂၄
SP ( VOM)
ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ် ၊ လွိုင်လင်လေးမြို့နယ်ခွဲမှာ မနေ့ မေ ၂၃ ရက်က လွိုင်လင်လေးမီးသတ်ကုန်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က မီးသတ်ကုန်းနားမှာ တိုက်ပွဲဖြစ်တယ် ၊ လူငယ် လေးယောက် သေဆုံးတယ် ၊ အဲ့ဒီ သေဆုံးတဲ့ လူလေးယောက်ဟာ လူငယ်တွေဖြစ်တယ် အသက် ၁၈ နဲ့ ၂၀ ကြားအရွယ်တွေဖြစ်တယ် ၊ နယ်ခံကလေးတွေ မဟုတ်ကြဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် လွိုင်ကော်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” လွိုင်လင်လေး မီးသတ်ကုန်းနားမှာ မနေ့က လူငယ်ဆယ်လောက်က လာပစ်တာရှိတယ် ၊ အဲ့ဒီနေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသား ရုပ်အလောင်း လေးလောင်းနဲ့ လက်နက်ငယ်တလက် ကျန်ခဲ့တယ် ၊ ဒဏ်ရာရသူ သုံးလေးယောက်လောက် ရသွားတယ် ၊ အလောင်းတွေချန်ပြီး သွားတယ် ” လို့ ပြောပါတယ်။
လွိုင်လင်လေး ဒေသခံတယောက်က
” နစက တပ်တွေနဲ့ KNDF အဖွဲ့တွေကြား တိုက်ပွဲတာ နှစ်ရက်ရှိပြီ ၊ ကွန်နား၊ ဒေါတဟေး၊ တီလုံးအုပ်စု ဘက်မှာ ဖြစ်တယ် ၊ လွိုင်လင်လေးဆိုတာ ရှမ်း – ကယားနယ်စပ်မှာရှိတယ် ၊ လောလောဆယ်တော့ မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နစက တက်ပြီး နောက်ပိုင်း ကယားပြည်နယ်ထဲက မိုးဗြဲ ၊ လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲ နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်များမှာ KNDF/KA ပူးပေါင်းအဖွဲ့နဲ့ နစက တပ်တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်တယ်လို့ သိရပါတယ်။
လွိုင်လင်လေးမြို့ ၊ မီးသတ်ကုန်းမှာ တိုက်ပွဲဖြစ် လေးယောက်သေဆုံး
