ဆူးငှက်
မြို့မငြိမ်းက ရာသီဘွဲ့ တေးသီချင်းများကို ရေးစပ်သည်။ ဒါပေမယ့် နွေဘွဲ့ မိုးဘွဲ့၊ ဆောင်းဘွဲ့ဆိုပြီး သိသိသာသာ ပေါ်ပေါ် တင်တင် ရေးစပ်တာမျိုး မဟုတ်ပါ။ ဥပမာ … စစ်ကိုင်းတောင် သီချင်းတွင်…
““…ဖူးငုံဝေ၊ ပုရစ်တံစီ၊ ညီတယ်လေ …၊ တဝေ၀…၊ လေပြေလေညင်း သွေးတော့၊ သင်းရနံ့ထုံပေ …၊ ရွက်သစ် လောင်းလို့၊ ဟောင်းရွက်ညှာကြွေ …ခါပေ၊ ယော်မြန်းရွက်ကျင်၊ ညိုလွင်မောင်းပြေပြေ…”” ဆိုတဲ့ အဖွဲ့မျိုးနဲ့ နွေသရုပ်ကို ပေါ်စေခဲ့သည်။ မိုးဆိုပါတော့၊ “ပျိုး” သီချင်းမှာ “ဖြိုင်ဖြိုင်မိုး ရွာသွန်သွန် ဖြိုးဝေ ဖြိုးဝေ … စွေမစဲ သဲသဲမဲမဲနေ…” ဆိုသည့် အဖွဲ့မျိုး ဖွဲ့သည်။ ဆောင်းဆိုပါတော့ …၊ “မြင်းခင်းတော်” သီချင်းမှာ “ငွေနှင်းမှုန်ရီ ဝေစီစီ …၊ မြောက်ပြန်လေညင်း၊ သွင်းတဲ့ လရာသီ…၊ သမယအခါဆီ …၊ ပြာသို ခွာညို ညှာစို စိမ်းလဲ့လန်း …” ဟူသော စာသားနဲ့ ဆောင်းကို သရုပ်ဖော်ခဲ့သည်။ ထပ်မံ ထပ်နှုတ်ပြရမည် ဆိုလျှင် နောက်ထပ်သီချင်းတွေ အများကြီးရှိပါသေး၏။
ဒီနေရာတွင် မိုးနဲ့ပတ်သက်ပြီး သီချင်းတစ်ပုဒ်မှာတော့ မြို့မငြိမ်းက ကတ်သီးကတ်သတ် အတွေးလေးတွေနှင့် အတူ မြန်မာလူမျိုးများ အစဉ်အမြဲ လက်ခံယုံကြည်ထားသည့် ကြောင်းခြင်းရာကိုပါ ထည့်သွင်းစပ်ဆိုခဲ့သည်။ ထိုသီချင်းက ယခု “ကသစ်ပန်း”ဟု ပဲ လူသိများနေသည့် သီချင်းဖြစ်သည်။ ဒီသီချင်းမှာ မိုးတွင်းကာလရောက်လို့ ကောင်းကင် တစ်ခွင်လုံး ဒေါသတကြီး မည်းညို့လာ …၊ လျှပ်စီးတွေ ၀င်း၀င်းလက် …၊ မိုးကြိုးတွေ အုန်းခြိမ့်ချိမ်း ဒရစပ် ပစ်ခွင်းတော့၊ ဒီအဖြစ်အပျက်ကို မြန်မာတွေက သိကြားမင်းနဲ့ အသူရာမင်းတို့ စစ်ခင်းကြတာ …။ သခွတ်ဖြူ ပွင့်သည့် အချိန် အသူရာက မြင်းမိုရ်တောင်ထက် တက်ပြီး သားမက်ဖြစ်သူ သိကြားမင်းနှင့် စစ်ခင်းတာတဲ့ …။ ထိုသို့ သိကြားမင်းနှင့် အသူရာမင်းတို့ စစ်ခင်းကြသည့် မြင်ကွင်းကြီးကို နှစ်ဖက်စစ်တပ် နောက်လိုက်အခြွေအရံတွေသာမက၊ သုံးသည့် လက်နကနှင့် တိုက်ပွဲဖြစ်စဉ် ကိုပါ ကွင်းကနဲ၊ ကွက်ကနဲ မြင်အောင် “ကသစ်ပန်း” သီချင်းမှာ ရေးဖွဲ့ခဲ့ပါသည်။
အာလိန်ငါးဆင့် နဂါးနှင့်ဂဠုန်ပျံ
ဂုမ္ဘာဏ်ရက္ခိုသ် စတုမဟာရာဇာ
မခံနိုင်ငြားလို့ သိကြားထွက်တဲ့ခါ
တွက်ရေ သိန်းခြောက်သောင်း ရှစ်ထောင့်ယူဇနာ
၀ရဇိန်လွှတ်ကာ မြင်းမိုရ်ကိုပင်
သူခွင်းချင် ထွင်း ဖောက်နိုင်တာ
နတ်မြင်းတစ်ထောင်ကတဲ့ ရထား ဝေဇယန္တာ
ရန်ဘန်မာန်တင်နာဂ ဆင်တော်သုမိတ္တာ
ရဲတံခွန်လွှား သုံးကျိပ်သုံးပါး သိကြားငယ်ပါ
နေလနတ်သား လေးပါးစစ်အင်္ဂါ
ပင်လုံးကျွတ် သခွတ်ပွင့်ချိန်ခါ။
ထိုသီချင်းမှာပဲ မြို့မငြိမ်းက ရှေ့ပိုင်းအတည်အခံ့တွေ ရေးလားပြီး၊ အဆုံးမှာတော့ သူ့ထုံးစံအတိုင်း ဟာသလေးနှင့် “သော” လိုက်ပါသည်။
“နှစ်တိုင်းပဲ သခွတ်ပွင့်ချိန်မှာ
သိကြားနဲ့ အသူရာ
သမက်နဲ့ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ
ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ
ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ်
ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ…” တဲ့။
ဒီလို နှစ်စဉ်နှစ်တိုင်း သခွတ်ပွင့်ချိန် မိုးတွင်းကာလရောက်တိုင်း လက်နက်ကယ်စုံညီ ကိုင်စွဲပြီး သိကြားနှင့် အသူရာ သမက်နှင့် ယောက်္ခမ ၂ယောက် စစ်ခင်း၊ “ဘောက်ကျ” တာ အားရကျေနပ်နိုင်တယ် မရှိဘူးပေါ့…။ သူ့အနေနှင့်ဆို မယားအလှက ယောက္ခမနှင့် ဘောက်မကျအောင် တောင်းပန်ရှာမှာပေါ့။ သူဆိုရင် ယောက္ခမကို တည့်အောင်ပေါင်းပြီး၊ ကျောင်းကို ထုတ်ကာ ဥပုသ်ရက် ရှည်စောင့်ခိုင်းမှာပေါ့ဟု… ခပ်သောသော ရေးဖွဲ့လိုက်ခြင်း ဖြစ်သည်။
တကယ်တော့ ထိုစဉ်ကာလ ရန်ကုန်တွင် ရွှေနှင်းဆီသီချင်းက ထင်ရှားကျော်ကြား လူသိများနေချိန် မြို့မအဆိုတော်ကြီး ဦးသန့်စင်က ဆရာငြိမ်းကို “မင်းလည်း သခွတ်ပန်းကို သီချင်းရေးပါလားကွ”ဟု အပျော်အပြက်ပြောသောအခါ “အင်း ကောင်းသားပဲဗျ”ဟုဆိုပြီး “သခွတ်ပန်း”သီချင်းကို ရေးစပ်ခဲ့သည်။ ထိုသီချင်းကို လေဘာတီမမြရင်အား သီဆိုစေပြီး ဓာတ်ပြားသွင်းသောအခါ ဓာတ်ပြားကုမ္ပဏီက သခွတ်ပန်းအမည်ကို “ကသစ်ပန်း”ဟု သူ့သဘောနှင့်သူ ပြင်လိုက်ခြင်း ဖြစ်ပါသည်။ ထိုသီချင်းကို ၁၉၅၀ခုနှစ် ကျော် နောက်ပိုင်း ကိုအံ့ကြီးက ပြန်လည် သီဆို ဓာတ်ပြား ထပ်မံ သွင်းခဲ့ပါသေးသည်။ အခုတော့ မူလအမည် သခွတ်ပန်းက ပျောက်ချေပြီ။
ဆူးငှက်