ရွှေမိုးညို ရှင်းတမ်း

ဆူးငှက်
ဆရာ ဒေါက်တာညွန့်လွင်က ကျွန်တော့်ကို သူ့ဖခင် မြို့မငြိမ်း၏ သီချင်းများကို စိတ်ဝင်စားပုံရသည်ဟု သတ်မှတ်ပြီး ကျွန်တော့်ကို ခေါ်တွေ့ကာ ညလုံးပေါက် စကားပြောခြင်းဖြစ်သည်။ သူနှင့် ကျွန်တော့်ကြား ဆက်သွယ်တွေ့ဆုံပေးသူက ကျွန်တော်တို့က ဒေါက်ကြီးဟုခေါ်သော စာရေးဆရာကြည်ဇော်ဝင်း ဖြစ်သည်။ ကြည်ဇော်ဝင်းဆိုတာ ဒေါက်တာနည်ဝင်း လေ၊ မန္တလေးဆေးတက္ကသိုလ်ထွက်မို့ ဆရာဒေါက်တာညွန့်လွင်၏ တပည့်လည်း ဖြစ်သည်။ ထိုညက ရွှေလှံရပ်ရှိ ဆရာကြည်ဇော်ဝင်း၏ မိတ်ဆွေ တည်းခိုခန်းမှာ တွေ့ကြသည်။ ဘယ်သူမှမပါ။ ဒေါက်တာညွန့်လွင်၊ ကြည်ဇော်ဝင်းနှင့် ကျွန်တော်တို့ ၃ယောက်ပဲဖြစ်သည်။ ဆရာကြည်ဇော်ဝင်း မိတ်ဆွေ တည်းခိုခန်းပိုင်ရှင်က ရေပူရေချမ်း ကမ်းလှမ်းသူပေါ့။ ကျွန်တော်ကတော့ လာချသမျှ အမြည်းတွေ စားပြီး ဆရာဒေါက်တာညွန့်လွင်ပြောသမျှ နားနှင့်လည်းမှတ်၊ ရီကောဒင်း ကက်ဆက်လေးနှင့်ရော မှတ်ပေါ့။ ဆရာကြည်ဇော်ဝင်းက ကျွန်တော်တို့ ၂ယောက်ကြား စကားထောက်ပေါ့။
အခု ဒီအကြောင်းတွေ ရေးဖြစ်တော့ ထိုစဉ်က ဒေါက်တာညွန့်လွင် ပြောသမျှ အသံဖမ်းခဲ့သည့် ကက်ဆက်ခွေလေးက (ထုံးစံအတိုင်း) ပျော်ပြီ။ မှတ်ထားသည့် မှတ်စု အတိုအစလေးတွေ ရှိသေးသော်လည်း မပြည့်စုံတော့၊ ထိုစဉ်က ကက်ဆက်အားကိုးနှင့် အပြည့်အစုံ မမှတ်လိုက်တာ ဖြစ်မည်။ မှတ်မိသမျှ ပြန်ဖော်ကြည့်တော့ ဒေါက်တာညွန့်လွင်က သူ့ဖခင်ရေးခဲ့သည့် လက်ဝဲသုန္ဓရသီချင်းအကြောင်း အတော်ပြောသည်။ သည်သီချင်းရေးဖို့ ဆရာငြိမ်းက စာအုပ်တွေ အများကြီးဖတ်သတဲ့။ အခိုင်အခံ့ သမိုင်းတွေ မဆိုထားဘိ၊ သျှိသျှားနယ်မြေသမိုင်း ဆိုသည့် စာအုပ်ပါးလေးကိုပင် ဖတ်သတဲ့။ ထိုသီချင်းကို ဆရာငြိမ်းတပည့် စန္ဒရားအေားမောင်က ကျကျနနတက်ယူထားလို့ ၂၈လမ်းအိမ်မှာ ဆရာငြိမ်းမရှိသည့်နောက်အထိ စန္ဒရားနှင့် အမြဲတမ်း ဆိုတီးနေတတ်သည်။
ကိုအေးမောင် ဆိုတိုင်း တီးတိုင်း ၃ပိုဒ်ပဲပါသည်။ ပထမပိုဒ်က “မဲဇာတောင်ခြေ၊ စီးထွေထွေရစ်သန်း၊ သီတာရေ..” အစချီ အပိုဒ်၊ ဒုတိယပိုဒ်က “ မဲဇာမြစ်ရေ ရစ်ခွေစီးထွေ ဝဲယာပတ်လည် နှင်းတွေဆိုင်း မှိုင်းဝေ” အပိုဒ် နှင့် တတိယအပိုဒ်က “ ပွဲညောင်ရေ ဆုတောင်း ချွေညွှန်း ရေစင်သွန်းလို့နေ..” အစချီ အပိုဒ်ဖြစ်သည်။ ဒေါက်တာညွန့်လွင်က “အခုနောက်ဆိုကြ တာတွေမှာပါတဲ့ အို..အို…အို..။ လွမ်းတိုင်း ဆွေးကြတာတွေ အောက်မေ့ဖွယ် ဝေးသောရပ်ဌာနေက သားသမီးငယ်.. ဘာညာဆိုတဲ့ အပိုဒ်က မပါဘူးဗျ။ အဲ့ဒီအပိုဒ်က ဓာတ်ပြားသွင်းတော့ နေရာပိုလို့ ထပ်ဖြည့်ပုံရတယ်။ အဖေ့စာသားလည်း ဟုတ်ပုံမရဘူး။ ဇာတ်အိုက်တင်ကြီး ဖြစ်နေတာဗျ၊ ဇာတ်နာအောင် ဇွတ်လုပ်ထားတာ” ဟု ရှင်းပြသည်။
ထို့နောက် နန်းတော်ရှေ့ဆရာတင်ရေးတဲ့ ရွှေမိုးညိုသီချင်းကို မူရင်း လေဘာတီမမြရင် သီဆိုစဉ်က လက်ဝဲသုန္ဒရရတု ထဲက စာသားတွေ ပါတယ်ဗျ။ နောက် ပြန်ဆိုကြတော့ အဲ့ဒီရတုစာသားတွေ မပါပြန်ဘူးဟု ဆရာက ပြောပြီး မူရင်းစာသား အပြည့်အစုံ နှင့် ရွှေမိုးညိုကို အစအဆုံးသီဆိုပြသည်။ ထိုအပိုဒ်က ဒုတိယအပိုဒ်ဖြစ်သည်။ ရွှေမိုးညို၏ ပထမအပိုဒ်က အများသိကြသည့် အတိုင်း “မိုးတွေကညို ရွာမလိုလိုနဲ့၊ နန်းတော်ရှေ့သို့ ညွှန်းရမယ့် သဏ္ဌာန်ပုံလို..” အစချီ အပိုဒ် ဖြစ်သည်။ ဒုတိယ အပိုဒ်မှာက “ (ပွဲခါညောင်ရေ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါငယ် မဲဇာရပ်သူ)၂၊ ကျွန်မတို့ အပေါင်းတစု၊ တောင်းဆုယူမည်၊ ပြေသူမျှော်လင့် ရွှေဂူတော်ရင့်၊ ပြေသူမျှော်လင့် ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင် ရီမှောင်ပိတ်ဖုံး တတောင်လုံးသာ စ၍ဆိုင်းသော် တောင်တိုင်းကာ၍၊ ဝန်းကာငယ်ဝေ့ တောင်ငွေ့ဝေဝေ စီးတွေတွေနှင့် လေပြင်းရောရာ မိုးမပါဘဲ သံဝါဖြောက်ဖြောက် ဆီးနှင်းပေါက်လို မိုးပေါက်ငယ်မှ လွန်ပြင်းထန်သည်၊” ဟူ၍ ဖြစ်သည်။ ထို့နောက်မှ “မန္တလေး.. ကျွန်တော်တို့ ရွှေမန္တလေး ချမ်းအေးပူအိုက် အောက်သူတွေ လိုက်ခဲ့ရမယ် မောင်တင် မဆို ..” အပိုဒ် ဖြစ်သည်။
တကယ်တော့ နန်းတော်ရှေ့ဆရာတင်က ရန်ကုန်တွင် ၇နှစ်ခန့်နေပြီး တီးဝိုင်းထောင်သည်။ မြန်မာညွန့်ဦးချစ်မောင်နှင့် အငြိမ့်ထောင်သည်။ မြန်မာ့အဆွေအေဝမ်းတွင် သီချင်းများ ရေးစပ်ပေးသည်။ ဇီးကွက်ကိုဖေသက်နှင့် ဇာတ်ထောင်သည်။ ကိုလံပီယာတွင် ဓာတ်ပြားသွင်းသည်။ ကိုလံပီယာတွင် ဓာတ်ပြားများသွင်းပြီး ရောင်းကောင်းသောအခါ ဓာတ်ပြားသွင်းခကို ဆရာတင်က တိုး၍တောင်းရာ ကုမ္ပဏီကမပေးသောကြောင့် အငြင်းပွားပြီး အဆင်မပြေဖြစ်ကြသည်။ သည်အထဲ ဆရာတင်၏ “ပုလိပ်နှင့် သပိတ်” သီချင်းကြောင့် ကိုလံပီယာနှင့် ရိုးကုမ္ပဏီကို အင်္ဂလိပ်အစိုးရက အပြစ်တင်တော့ ဆရာတင်က “မြန်မာတယောက်အနေနှင့် ဒီလောက်တော့ ရေးရမှာပေါ့”ဟု ပြောပြီး ကုမ္ပဏီနှင့် ကွဲကာ မန္တလေးသို ပြန်တော့သည်။
မန္တလေး ပြန်မည့်ဆဲဆဲ ဝိတိုရိယ ပန်းခြံ (ယခုဗန္ဓုလပန်းခြံ) ထဲတွင် အင်္ဂလိပ်တီးဝိုင်း က ဖျော်ဖြေတီးမှုတ် နေသည်ကို မြင်တွေ့ပြီး “ရွှေမိုးညို” သီချင်းကို ရေးကာ ကိုယ်တိုင် သီဆိုခဲ့သေးသည်။ မန္တလေးရောက်မှ ထိုသီချင်းကို လေဘာတီမမြရင် သီဆိုရန် ပေးလိုက်တော့ မမြရင်သီဆိုသည့်အခါ လူကြိုက်များခဲ့သည့် သီချင်းတပုဒ် ဖြစ်သည်။ မမြရင်သီဆိုစဉ်ကပဲ အပြည့်အစုံပါခဲ့ပြီး နောက်ပိုင်းသီဆိုကြသမျှ “ပွဲခါညောင်ရေ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါငယ် မဲဇာရပ်သူ” အပိုဒ်က မပါရှိတော့ဘဲ အခု အစအနပင် ကျန်ရစ်ပုံ မပေါ်တော့ပေ။ နှမြောစရာ။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW