ကျောက်ဖြူက AA ထိန်းချုပ်ထားတဲ့ နေရာတွေပြန်ရဖို့ နစကတပ်တွေ အပြင်းအထန် ထိုးစစ်ဆင်နေ

ဇွန် ၁၀ – ၂၀၂၅
SS (VOM)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က AA ထိန်းချုပ်ထားတဲ့ နေရာတွေကို နစကတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ ဇွန် ၉ ရက်၊ ညနေပိုင်းမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်မှာရှိတဲ့ အမှတ် (၃၂) ရဲတပ်ရင်းအနီးဝန်းကျင် အပါအဝင် ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ မင်းတက်တောင်၊ မလကျွန်း ဧရိယာတဝိုက်နဲ့ ကျေးရွာတချို့ကို နစကတပ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ဇွန် ၉ ရက်၊ ညနေပိုင်းမှာ လေယာဉ်မျိုးစုံ သုံးပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်‌တာ။ တော်တော်ကြမ်းတယ်။ လူအသေအပျောက်တွေလည်း ရှိနိုင်တယ်။ နေဗီ၊ ရေတပ်ဌာနချုပ်က လက်နက်ကျည်၊ လက်နက်၊ ဒရုန်း လေးမျိုးလောက်နဲ့ ပစ်ခတ်နေတာက သုံး၊ လေးရက်လောက်ရှိနေပြီ။ နေ့တိုင်းဆိုသလို ဆက်တိုက် လှမ်းပစ်နေတယ်။ နေအိမ်တွေ ပျက်စီးတာတွေလည်း ရှိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း စွန့်ပစ်စက်ရုံ (OGT) အနီး၊ ကတ်သပြေကျေးရွာအနီး၊ ဓညဝတီရေတပ်စခန်း၊ ပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ စစ်သင်္ဘောတို့မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်စစ်ဆင်လာတာ ဖြစ်တဲ့အပြင် စက်တပ်လေထီး၊ ဒရုန်းတွေနဲ့လည်း နေ့စဉ် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ AA အနေနဲ့ ထိုးစစ်ကို ရပ်ထားပေမယ့် ထိန်းချုပ်ထားတဲ့ နေရာတွေကနေ ဆုတ်ခွာပေးခြင်းမရှိဘဲ ခံစစ်ကို အသုံးပြုနေတယ်လို့ သိရပါတယ်။
“အခုက AA ထိန်းချုပ်ထားတဲ့ နေရာတိုင်းမှာ ပစ်ခတ်မှုတွေ ရှိနေတာပေါ့။ ကျောက်ဖြူ မင်းတပ်တောင်ပြန်ရဖို့ကတော့ နည်းနည်းလိုပါသေးတယ်။ ရာသီဥတုကြမ်းလို့ ရှေ့မတိုးနိုင်ကြသေးဘူး။ မင်းတပ်တောင်စခန်းက လှုပ်ရှားစစ်ဗျူဟာ (စဗဟ) အရေးကြီးမြေ ဖြစ်လို့ တပ်က ကျားကုတ်ကျားခဲ ပြန်တိုက်ယူနေတာပါ။ တိုက်ပွဲ ပြင်းထန်နေပါတယ်” လို့ သူက ပြောပါတယ်။
ကျောက်ဖြူမြို့ဟာ တရုတ်ရဲ့ ရွှေသဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စီမံကိန်းတွေတည်ရှိရာမြို့ ဖြစ်တာကြောင့် နစကအတွက် နိုင်ငံခြားဝင်ငွေ အမြောက်အများ ရရှိနေတဲ့ မြို့ဖြစ်သလို ပင်လယ်ရေနက်ဆိပ်ကမ်း တည်ရှိရာလည်း ဖြစ်တာကြောင့် ပထဝီနိုင်ငံရေးအရလည်း အလွန်အရေးပါတဲ့ မြို့တမြို့ဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ဖြူမှာ အမှတ် (၃၂) ရဲတပ်ရင်းအပါအဝင် ကျောက်တလုံးစစ်ဆေးရေးဂိတ်၊ ခြေလျင်တပ်ရင်း (ခလရ – ၃၄)၊ ခြေမြန်တပ်ရင်း (ခမရ – ၅၄၂ ၊ ၅၄၃)၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ဦးရေတပ်နဲ့ အုန်းကျွန်းရေတပ်စခန်းတို့ အခြေစိုက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ နစကတပ်နဲ့ AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေ အရေးပေါ် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို တိုက်ပွဲတွေကြား ကျေးရွာအများအပြား ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီ ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အရေးပေါ် စစ်ရှောင်လာကြရတဲ့ ဒေသခံဦးရေဟာ လက်ရှိမှာ လေးသောင်းဝန်းကျင်အထိ ရှိလာနေပြီး တိုက်ပွဲတွေကြောင့် အခုအချိန်အထိ မိမိနေရပ်ကို မပြန်နိုင်သေးဘဲ နီးစပ်ရာ ကျေးရွာတွေ၊ တောတောင်၊ လယ်ယာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေဟာ ခြင်ထောင် မလုံလောက်မှု၊ အမိုးအကာ မလုံခြုံမှုအပြင် အလုပ်အကိုင် ရှားပါးမှု၊ အကူအညီရရှိမှု နည်းပါးခြင်းတို့ကြောင့် မိုးတွင်းကာလကို ဖြတ်သန်းဖို့ အဖက်ဖက်က ခက်ခဲနေကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် နစကနဲ့ AA တို့ အပစ်ရပ်စဲကြောင်းကို အခု ဇွန်လကုန်အထိ သက်တမ်းတိုး ထုတ်ပြန်ထားပေမယ့် နှစ်ရက်လောက်သာ စစ်ရေးရပ်တန့်ခဲ့ပြီး ဇွန် ၃ ရက်နေ့မှ စတင်ကာ တိုက်ပွဲ ပြန်လည် ပြင်းထန်လာ‌ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်အတွင်းက AA သိမ်းပိုက်ထားပြီးဖြစ်တဲ့ သံတွဲမြို့က မောင်ရွှေလေး ရေတပ်စခန်းနဲ့ ကျေးရွာတချို့ကို အခု ရက်ပိုင်းအတွင်း နစက နေဗီတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်လာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က AA အပြီးသတ် သိမ်းပိုက်ခဲ့တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အဓိက ပစ်ခတ်နေတာဖြစ်ပြီး ကျေးရွာတွေအတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်တချို့နဲ့ အဆောက်အအုံတချို့ ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အလားတူ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့နယ်မှာလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်ပွားနေပြီး နှစ်ဖက် လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ဒရုန်းပစ်ကူတွေနဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ပြင်း‌ထန်နေတယ်လို့ သိရပါတယ်။
အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ ‌စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေမြို့မှာ နစကရဲ့ ပြည်နယ်အစိုးရရုံး စိုက်ထားသလို ဒေကကွပ်ကွဲမှု စစ်ဌာနချုပ်လည်းတည်ရှိတယ်လို့ သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ နစကဘက်ရော၊ AA ဘက်ကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ရခိုင်ပြည်နယ် တခုလုံးမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ သုံးမြို့သာ နစကရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW