အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ နိုင်ငံသား ၃၈ ယောက်ကို မြန်မာဘက်ပြန်ပို့

 

 

ဇွန် ၊ ၁၂ ၊ ၂၀၂၄
SP (VOM)

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာမြို့ ၊ ထိန်းသိမ်းရေး အကျဥ်စခန်းမှာ အကျဥ်းကျခံနေရတဲ့ မြန်မာစစ်ရှောင်တွေက အကျဥ်းသား တချို့ကို အိန္ဒိယအာဏာပိုင်တွေက မနေ့ ဇွန် ၁၁ ရက် မနက်ပိုင်းက မိုးရေး – တမူး နယ်စပ်ဂိတ်ကနေ နစက အဖွဲ့ထံ လွဲပြောင်း ပေးအပ်ခဲ့တယ်လို့ မိုးရေးမြို့ခံ နယ်စပ်ကုန်သာ်တွေဆီက သိရပါတယ်။

အင်ဖာထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ ၃၈ ယောက်ကို ရဟတ်ယာဥ်နဲ့ မိုးရေးကို ခေါ်လာတယ် ၊ တမူး – မိုးရေး နယ်စပ်ဂိတ်ကနေ နစက အဖွဲ့ထံ ဒုတိယအကြိမ် လွဲပေးတာဖြစ်တယ် ၊ လွဲပြောင်းပေးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက် ပါတယ် ၊ အဲ့ဒီထဲမှာ ကလေးငယ်တချို့လည်း ပါဝင်တယ် ” လို့ မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးဂျမားက ပြောပါတယ်။

မိုးရေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင် ဦးဂျမားက ” ပြီးခဲ့တဲ့ မေ ၈ ရက်တုန်းက မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက သူ့ရဲ့လူမှုကွန်ရက် X ခေါ် တွစ်တာပေါ်မှာ ရေးသားဖော်ပြထားတယ် ၊ ဝန်ကြီးချုပ် ရေးထားတာကမဏိပူရ်ပြည်နယ်ထဲကို တရားမဝင် ပြောင်းရွှေ့နေထိုင်လာတဲ့ မြန်မာနိုင်ငံသား ၅၄၅၇ ယောက်ရှိတဲ့အနက်က ၅၁၇၃ ယောက်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က ကောက်ယူထိန်းသိမ်းထားပြီးဖြစ်တယ် ၊ အဲ့ဒါကြောင့် မဏိပူရ်ပြည်နယ်ထဲကို တရားမဝင် ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို နစကထံ လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ ဖော်ပြထားတယ် ၊ အဲ့ဒီနောက် အခုလို မြန်မာနိုင်ငံသားတွေကို အသုတ်လိုက် နစကထံ လွဲပြောင်းပေးတာ ” လို့ ပြောပါတယ်။

မဏိပူရ်ပြည်နယ်မှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာတွေနဲ့ နီးစပ်သူတယောက်က ” မဏိပူရ်ပြည်နယ် ကမ်ဂျွန်ခရိုင် နယ်စပ်မှာရှိတဲ့ စစ်ရှောင် မြန်မာရွာတွေကို အခုရက်ပိုင်းမှာ နေရပ်ပြန်ပို့ဖို့ အာသန်ရိုင်ဖယ်တပ်ရင်းက စီစဥ်နေတာရှိတယ် ၊ အဲ့ဒါကြောင့် မဏိပူရ် အာဏာပိုင်းတွေနဲ့ မြန်မာခိုလှုံသူတွေ မေ ၆ ရက်က ညှိနှိုင်းတိုင်ပင်ဆွေးနွေးတယ် ၊ အဲ့ဒီအပြင် မေ ၈ ရက်က နောက်တကြိမ် ထပ်ပြီးညှိနှိုင်းတယ် ၊ အခုထိတော့ ပြေလည်မှုမရသေးဘူး ” လို့ ပြောပါတယ်။

အင်ဖာမြို့မှာနေထိုင်တဲ့ မြန်မာတယောက်က ” မဏိပူရ်ပြည်နယ်ထဲမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာ တသောင်းကျော်ရှိတယ် ၊ အဲ့ဒီထဲက စစ်ရှောင်လာတဲ့သူတွေပါသလို ၊ ရွှေ့ပြောင်း အလုပ်သမားတွေလည်း တချို့ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်စပိုင်းက လမ်းကားမြို့မှာရှိတဲ့ ယက္ကန်းစက်ရုံတွေကို အာသန်ရိုင်ဖယ်တပ်ရင်းအဖွဲ့နဲ့ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့တွေ ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမဲ့ မြန်မာလုပ်သား တရာကျော် ဖမ်းဆီးထိန်းသိမ်းတယ် ၊ နောက်ပြီး လန်ကျန်(Lhangcham) ကျေးရွာမှာလည်း မြန်မာလုပ်သား ၈၇ ယောက်ဖမ်းဆီးထိန်းသိမ်းခံရတယ် ၊ အဲ့ဒါကြောင့် အင်ဖာအကျဥ်းထောင်မှာ မြန်မာ နှစ်ရာကျော်လောက် ထိန်းသိမ်းခံထားရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်က အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဥ်ထောင်မှာ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား တချို့ကို မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ မိုးရေး – တမူး အင်ဒို – မြန်မာ နယ်စပ်ဂိတ်မှာ အိန္ဒိယအစိုးရအဖွဲ့က နစက အစိုးရအဖွဲ့ဆီကို လွဲပြောင်းပေးအပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ၊ မေ ၂ ရက်က မြန်မာတချို့ကို အိန္ဒိယ အစိုးရအဖွဲ့က နယ်စပ်ဂိတ်မှာ နစက အဖွဲ့ထံ လွှဲပြောင်းပေးနေတဲ့ မြင်းကွင်း (ဒေသခံတဦး) ပုံဟောင်း

 

#voiceofmyanmar#vom#မဏိပူရ်ပြည်နယ်#မြန်မာတွေနေရပ်ပြန်ပို့

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW