နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောအပါအဝင် ရုရှားစစ်သင်္ဘောတွေ အမေရိကန်နဲ့ မိုင် ၉၀ အကွာ ကျူးဘားကို ရောက်ရှိနေ

 

ဟာဗားနား၊ ဇွန်-၁၃-၂၀၂၄
မျိုးဆက်(VOM)

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနဲ့ ဖရီးဂိတ်စစ်သင်္ဘောအပါအဝင် ရုရှားစစ်သင်္ဘောလေးစင်းဟာ ကျူးဘားကို ရောက်ရှိနေပါတယ်။

ရုရှားစစ်သင်္ဘောတွေဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကနေ မိုင် ၉၀ အကွာလောက်မှာရှိတဲ့ ဟာဗားနား ပင်လယ်အော်မှာ ကျောက်ချရပ်နားထားပြီး ဒါဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက အင်အားပြတာလို့ အကဲခတ်တွေက ယူဆနေပါတယ်။

နျူကလီးယား စွမ်းအင်သုံး Kazan ရေငုပ်သင်္ဘောနဲ့ Admiral Gorshkov ဖရီးဂိတ်သင်္ဘောတို့ နှစ်စင်းစလုံးမှာ အသံထက်မြန်တဲ့ Zircon ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေနဲ့ အဆင့်မြင့်လက်နက်တွေ တပ်ဆင်ထားတယ်လို့ ရုရှားရေတပ်က ထုတ်ပြန်ပါတယ်။

ဒီသင်္ဘောအုပ်စုဟာ အစောပိုင်းက အတ္တလန်တိတ်ဒေသမှာ ဒုံးကျည်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရုရှားစစ်သင်္ဘောတွေပေါ်မှာ နျူကလီးယားလက်နက်တွေ မပါဝင်ကြောင်းနဲ့ ခရီးစဉ်ဟာဒေသတွင်းကို ခြိမ်းခြောက်မရှိဘူးလို့ ဆိုပါတယ်။

ရုရှားရဲ့ စစ်သင်္ဘောတွေလာရောက်မှုနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေပြီး ပင်လယ်ပြင်ဒရုန်းတွေပါ အသုံးပြုနေတယ်လို့ အမေရိကန်က ပြောပါတယ်။ ရုရှားဟာ ယခင်ကလည်း ကျူးဘားကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပြီး နှစ်နိုင်ငံဟာ ကာလရှည်ကြာ မဟာမိတ်တွေဖြစ်ပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #ကျူးဘား #ရုရှား #ရေငုပ်သင်္ဘော #စစ်သင်္ဘောရောက်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW