MNDAA ထိန်းချုပ်ထားတဲ့ နေရာက ဒေသခံတွေကို သန်းခေါင်စာရင်းကောက်ခံပြီး အိမ်ထောင်စုစာရင်းနဲ့ ဒေသသားမှတ်ပုံတင် ပြုလုပ်မယ်

 

ဇွန် ၂၅၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေးကာလမှာ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ် သိမ်းပိုက်ထားတဲ့ နေရာက ဒေသခံတွေကို သန်းခေါင်စာရင်းကောက်ခံပြီး အိမ်ထောင်စုစာရင်းနဲ့ ဒေသသားမှတ်ပုံတင် ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်နေ့က MNDAA ဘက်က အသိပေး သတင်း ထုတ်ပြန် ထားပါတယ်။

ကိုးကန့် ထိန်းချုပ် ဒေသ‌​ေတွမှာ အမြဲတမ်းနေထိုင်တဲ့လူဦးရေ စာရင်းကို အသစ်ပြန်လည်ကောက်ခံပြီး စနစ်တကျစီမံခန့်ခွဲသွားမှာ ဖြစ်ပြီး အိမ်ထောင်စုစာရင်းစာအုပ်အသစ်နဲ့ ဒေသသားမှတ်ပုံတင်ကတ်ပြား ထုတ်ပေးသွား မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ထားတဲ့ လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး စတဲ့ မြို့နယ်တွေထဲက မွေးကင်းစ ကလေးတွေ အပါအဝင် ဒေသခံတွေ၊ အဲဒီ ဒေသ ပြင်ပမှ လာရောက် နေထိုင်သူတွေ၊ လူဦးရေ စာရင်း မပါသေးတဲ့သူတွေကို အသိပေးစာ ထုတ်ပြန်တဲ့ ဇွန်လ ၂၂ ရက်နေ့ကစ ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ လူဦးရေစာရင်းကောက်ခံ သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

“ကိုးကန့်တွေ သူတို့ သိမ်းပြီးတော့ အိမ်ထောင်စုနဲ့ မှတ်ပုံတင် လုပ်ပေးမယ်ဆိုပြီး အစည်းဝေးခေါ်ပြီးပြောတယ်။ သူတို့ လုပ်ပေးမယ့် မှတ်ပုံတင်က တရုတ်ပြည် အဝင်အထွက် လုပ်လို့ ရမယ်လို့ ပြောတယ်” လို့ ပန်ဆိုင်း ဒေသခံ တ​ယောက်က ပြောပါတယ်။

ဒေသခံတွေဆီ တအိမ်ချင်း၊ တဦးချင်း စစ်ဆေး ကောက်ခံပြီး တဦးယောက်မှမကျန်ခဲ့စေရန် အလေးထား ကောက်ခံ သွားမှာ ဖြစ်ပြီး တရားဝင်အချက်အလက်တွေ ဖြစ်တဲ့ မှတ်ပုံတင်ကတ်ပြား၊ အိမ်ထောင်စုစာရင်း နဲ့ သက်သေခံစာရွက်စာတမ်းတွေ ဖြစ်တဲ့ မွေးလက်မှတ်၊ ရွှေ့ပြောင်း နေထိုင်ခြင်းထောက်ခံစာတွေ၊ အဲဒီအချက်အလက်၊ စာရွက်စာတမ်းတွေ မရှိပါက ရွာသူကြီးရဲ့ထောက်ခံစာကို ယူဆောင်လာရမှာ ဖြစ်ပြီး လက်တလော ရိုက်ထားတဲ့ ဦးထုပ်မပါတဲ့ ရောင်စုံဓာတ်ပုံ ၁ ပုံကိုလည်း ကောက်ခံမယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုစာရင်း နဲ့ ဒေသသားမှတ်ပုံတင်ကတ်ပြားပြုလုပ်ရာမှာ ကိုးကန့် ထိန်းချုပ် ဒေသ ပြင်ပက ရောက်ရှိလာသူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ အချက် ၉ ချက်နဲ့ ကိုက်ညီမှသာ အိမ်ထောင်စုစာရင်း နဲ့ ဒေသသား မှတ်ပုံတင်ကတ်ပြားပြုလုပ်ရန် လျှောက်ထားနိုင်တယ်လို့လည်း ပါရှိပါတယ်။

MNDAA ရဲ့ စစ်မှုထမ်းနဲ့ အုပ်ချုပ်ရေး ကော်မတီ တာဝန်ထမ်းဆောင်ချိန် ၃ နှစ်နဲ့ အထက်ရှိသူမှန်သမျှ ကိုးကန့် ထိန်းချုပ်ဒေသရဲ့အိမ်ထောင်စုစာရင်း နဲ့ ဒေသသားမှတ်ပုံတင်ကတ်ပြားကို ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ ဂုဏ်ထူး ဘွဲ့ဆောင်ခဲ့သူ‌တွေ၊ ကိုးကန့် ထိန်းချုပ်ဒေသ ကနေ ဖိတ်ခေါ်ထားပြီး ၂ နှစ်နဲ့ အထက် တာဝန်ထမ်းဆောင်တဲ့ ပညာရှင်၊ ပါမောက္ခ၊ နယ်ပယ် အသီးသီးက ပညာတတ်တွေ၊ ထူးခြားတဲ့ ပုဂ္ဂိုလ် တွေအနေနဲ့ ကတ်သက်တမ်း ကန့်သတ်မှု လျစ်လျူရှုနိုင်ကြောင်း သိရပါတယ်။

အဲဒီဒေသမှာ အိမ်ထောင်ပြု၊ ကလေးဖွားပြီး ၈ နှစ် နဲ့အထက်နေထိုင်ကာ ပြစ်မှု လုံးဝကင်းစင်သူတွေ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း ပိုင်ဆိုင်မှု တရုတ်ယွမ်ငွေ ၅ သိန်း နဲ့ အထက် ပိုင်ဆိုင်ထားသူတွေ၊ ဆောက်လုပ်ရေးအတွက် များများစားစား ပါဝင်လှူဒါန်းခဲ့သူတွေ၊ ပညာရေးမှာ ၁၀ နှစ် အထက် တာဝန်ထမ်းဆောင်သူတွေ ဒေသသား ကတ်ပြား လျှောက်နိုင်ပြီး ဒေသ ပြင်ပမှရောက်ရှိလာသူ တွေအနေ အိမ်ထောင်စုစာရင်း လျှောက်ထားရာမှာလည်း သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

လူဦးရေစာရင်းကောက်ခံပြီးနောက် အိမ်ထောင်စုစာရင်းစာအုပ်ကို အချိန်မှီ ထုတ်ပေးသွားမှာ ဖြစ်ပြီး မိမိသဘောနဲ့ ပြုပြင်ခြင်း၊တခြားလူကို ငှားရမ်းခြင်း မပြုရန်၊ ပျက်စီး၊ ပျောက်ဆုံးပါက ပြန်လည် ပြ‌ေလျှာက်ယူရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“အခုက သူတို့ သိမ်းထားတဲ့ နေရာက ဒေသခံ မဟုတ်ရင် သူတို့ ‌ထိန်းချုပ်ဒေသ လာမယ် ဆိုရင် ဒေသခံ တယောက်ယောက်က ထောက်ခံမှ ဝင်လို့ရတယ်။ ကားလည်း ယာဉ်မောင်းလိုင်စင်တွေ လုပ်ရတယ် သူတို့ဒေသမှာ မောင်းရမယ်ဆိုရင်။ သူတို့ ရုံးကတော့ ရုံးဖွင့်ချိန် ချက်ချင်းလုပ်၊ ချက်ချင်းရတယ်” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။

ဒေသအတွင်း အမြဲတမ်းနေထိုင်တဲ့ လူဦးရေစာရင်းကောက်ခံပြီးနောက် အသက် ၁၂ နှစ်ပြည့်ပြီး ဒေသသားတိုင်း အသစ်ထုတ်ပေးထားတဲ့ အိမ်ထောင်စု စာရင်းစာအုပ် ယူ‌ ဆောင်လာပြီး သတ်မှတ်ထားတဲ့ နေရာမှာ ဒေသသားမှတ်ပုံတင်ကတ်ပြား သွားရောက်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

လူဦးရေစာရင်းကောက်ခံခြင်း၊ အိမ်ထောင်စုစာရင်း၊ ဒေသသားမှတ်ပုံတင်ပြုလုပ်ခြင်းမှာ အချက်အလက် တိကျ မှန်ကန် ပြည့်စုံဖို့ ပါဝင်ကြရန်၊ အချက်အလက် အတုတင်ပြခြင်း၊ ဒေသခံယောင်ဆောင်ပြီး အိမ်ထောင်စုစာရင်း နဲ့ ဒေသသားမှတ်ပုံတင်ကတ်ပြား လိမ်လည်ပြုလုပ်ပါက အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်‌ေရး ကာလက MNDAA က ရှမ်းပြည်နယ် မြောက်ပိုင်းက လောက်ကိုင်၊ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး စတဲ့ မြို့နယ်တွေကို သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီဒေသတွေကို ကိုးကန့်ခရိုင်၊ သိန္နီ (မူပန်)ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ မုံးကိုး ခရိုင်ဆိုပြီး သတ်မှတ်ထားပြ္း လောက်ကိုင်ကိုတော့ မြို့တော်အဖြစ်သတ်မှတ်ကာ MNDAA ထိန်းချုပ် နယ်မြေအားလုံးကို ပြည်ထောင်စု မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ အထူးဒေသ ၁ အဖြစ် သတ်မှတ် သုံးနှုန်းထားတာကို တွေ့ရပါတယ်။

Photo Crd# The Kokang

VOM Telegram Channel: https://t.me/VOMNEWS2023/7829?single

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn. ..

#voiceofmyanmar #VOM #MNDAA #ထိန်းချုပ်​ဒေသ #အိမ်ထောင်စုစာရင်း #ဒေသသားမှတ်ပုံတင်

Related posts

Leave a Comment

VOM News

FREE
VIEW