စဥ့်ကူးမှာ တိုက်ပွဲတွေကြောင့် ကလေးငယ်အပါအဝင် သုံးယောက်သေပြီး ဒေသခံတွေ စစ်ရှောင်နေရ

 

ဇူလိုင် ၃ – ၂၀၂၄
GG (VOM)

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှ နဲ့ပင်လယ်ကြီးရွာဘက်တွေမှာ နစကတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့ဇူလိုင်လ ၃ ရက်နေ့မှာ အရပ်သားပြည်သူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိနေ တယ်လို့သိရပါတယ်။

” လက်ပန်လှ ရုန်းပင်ကုန်းရွာထဲ ကုလားချောင်ဘက်ကို လက်နက်ကြီးကျတာ ပါ။နေ့ခင်းကဖြစ်သွားတာ။ ပထမသိရတာ နှစ်ယောက်၊နောက်ထပ်သိရတာကတော့သုံးယောက်ထိသေတယ်။ပေါင်ပြတ်သူလည်းရှိတယ် ။တခြား ထိခိုက်သူတွေလည်းရှိနေတယ်။အိမ်တွေလည်း လက်နက်ကြီးထိပျက်စီးတာ။ ပင်လယ်ကြီးဘက်မှာပစ်ခတ်မှု တွေရှိနေတုန်းပဲ။ ဘေးလွတ်မယ်ထင်ရာမှာ ဒေသခံတွေကပုန်းနေရတဲ့အခြေအနေရှိတယ်။ဖုန်းလိုင်းကလည်းရတချက်မရချက်ဖြစ်နေတယ်၊မနေ့က နွယ်ရုံ ကျည်တောက်ပေါက်ဘက်ဆိုးတာ ။နွယ်ရုံရဲကင်းလည်းပါသွားပြီသိရတယ် ” လို့ စဥ့်ကူးဒေသခံတယောက်ကပြောပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးသူတွေထဲမှာ ကျောင်းဆရာမ တယောက်၊ကိုယ်ဝန်သည်အမျိုးသမီးနဲ့ အသက်၁၀ နှစ်ကျော်ကလေးငယ်တွေပါဝင်တယ်လို့ ကနဦးသတင်းအရသိရပါတယ်။

လက်ရှိ ပင်လယ်ကြီးမှာရှိတဲ့ ရဲကင်းစခန်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်လို့ နစကဘက်ကလည်း လေကြောင်းပစ်ကူတိုက်ခိုက်ပေးနေတာကြောင့် ပင်လယ်ကြီးအပါအနီးအနားရွာက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်ရပြီး ဗုံးခိုကျင်းနဲ့တော တွေထဲမှာ ပုန်းနေရတာဖြစ် တယ်လို့သိရပါတယ်။

လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်တာ၊သေဆုံးသူတွေနဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေးလမ်းကြောင်းတွေ လုပ်ဆောင်နိုင်ခြင်းမရှိတဲ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေရသူလည်းထောင်နဲ့ချီရှိလာနေတယ်လို့သိရပါတယ်။

မနေ့က ဇူလိုင်လ ၂ ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်၊နွယ်ရုံရွာဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

” ကျွန်မတို့ ဘေးအိမ်က အသက် ၁၄ နှစ်အရွယ် ကလေးတယောက် လက်နက်ကြီးထိပြီး အသက်သေဆုံးခဲ့ရပါတယ်။ အကူအညီတောင်းပေမယ့် မကူညီလိုက်နိုင်ဘူး ကျွန်မလည်း တအားကိုကြောက်နေလို့ ပုန်းနေတဲ့အချိန် ဆိုတော့ မထွက်ရဲဘူး အဲဒီအတွက်ပိုပြီးတော့ခံစားရပါတယ် ” လို့ ကျည်တောက်ပေါက်ဒေသခံတယောက်ကပြောပါတယ်။

နွယ်ရုံရဲကင်းစခန်းကတော့ ဇူလိုင်လ ၂ ရက်နေ့က စခန်းကျသွားပြီး PDF ပူးပေါင်းတပ်တွေက စခန်းကိုသိမ်းပိုက်ရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး နစကဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပေမယ့် စခန်း နဲ့နီးစပ်သူတွေကတော့ ရဲစခန်းမှာ လက်နက်ခဲယမ်းကုန်တာကြောင့်စခန်းကိုနောက်ဆုတ်ပေးလိုက်ရတာဖြစ်တယ်လို့ ပြောဆိုနေတာတွေ့ရပါတယ်။

စဥ့်ကူးမြို့နယ်ထဲမှာတော့ ဇွန်လ၃၀ ရက်နေ့ကစပြီး တိုက်ပွဲတွေစတင်ဖြစ်ပွားနေတာ ဒီနေ့အထိဖြစ်ပါတယ်။

#Voiceofmyanmar #vom #စဥ့်ကူး #လက်ပန်လှ #ပင်လယ်ကြီး #နွယ်ရုံ #အရပ်သားသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW