အီရန်သမ္မတရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးသမား ပီဇက်ရှ်ကီယန် အနိုင်ရ

 

တီဟီရန်၊ ဇူလိုင်-၆-၂၀၂၄
မျိုးဆက်(VOM)

အီရန်သမ္မတရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ မာဆွတ်ပီဇက်ရှ်ကီယန်ဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီ ဆာအိဒ်ဂျာလီလီကို ကျော်ဖြတ်ကာ အီရန်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဆန္ဒမဲ သန်း ၃၀ ကျော်ကို ရေတွက်ပြီးနောက် ဒေါက်တာ ပီဇက်ရှ်ကီယန်ဟာ ထောက်ခံမဲ ၅၃ ဒသမ ၃ ရာခိုင်နှုန်း၊ ပြိုင်ဘက်ဖြစ်သူ မစ္စတာဂျာလီလီကတောပ ၄၄ ဒသမ ၃ ရာခိုင်နှုန်းသာရရှိခဲ့တယ်လို့ ရွေးကောက်ပွဲရလဒ်တွေက ဖော်ပြထားပါတယ်။

ဒီရွေးကောက်ပွဲဟာ မေလအတွင်းက ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သမ္မတရိုင်စီ သေဆုံးပြီးနောက် ကျင်းပခဲ့တာဖြစ်ပြီး ဇွန် ၂၈ ရက်ကကျင်းပတဲ့ ပထမအကျော့ရွေးကောက်ပွဲမှာတော့ ဘယ်သူမှ အနိုင်ရလဒ် မထွက်ခဲ့ဘဲ သမိုင်းတလျှောက် မဲပေးသူ ၄၀ ရာခိုင်နှုန်းထိ နည်းပါးခဲ့တာကြောင့် ဒုတိယအကျော့ ကျင်းပခဲ့ရပါတယ်။

နှလုံးခွဲစိတ်ဆရာဝန်ဟောင်းတယောက်ဖြစ်တဲ့ ဒေါက်တာ ပီဇက်ရှ်ကီယန်ဟာ အီရန်ရဲ့နာမည်ဆိုးတဲ့ ကျော်ကြားတဲ့ စာရိတ္တထိန်းသိမ်းရေးရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများပြုလုပ်ခဲ့သူဖြစ်ပြီး အီရန်ရဲ့အထီးကျန်မှုကို အဆုံးသတ်လိုသူဖြစ်ပါတယ်။

အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ဖို့အတွက် အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို ဟန့်တားဖို့ အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို သက်တမ်းတိုးဖို့နဲ့ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။

ပြိုင်ဘက်ဖြစ်သူ မစ္စတာဂျာလီလီကတော့ အနောက်အုပ်စုဆန့်ကျင်ရေး သဘောထားတင်းမာသူဖြစ်ပြီး အီရန်ဘာသာရေးအသိုင်းအဝန်းကြားမှာ အခိုင်အမာထောက်ခံမှုရရှိထားသူဖြစ်ကာ နျူကလီးယားသဘောတူညီချက်ကို ဆန့်ကျင်တာကြောင့် လူသိများပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အီရန် #သမ္မတရွေးကောက်ပွဲ #ပြုပြင်ပြောင်းလဲရေးသမား #ပီဇက်ရှ်ကီယန် #အနိုင်ရ

Related posts

Leave a Comment

VOM News

FREE
VIEW