ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေမြင့်တက်မှု နှစ်ပေါင်း (၃၀) အတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေ

 

ဇူလိုင် ၈ – ၂၀၂၄
SN (VOM)

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုဟာ နှစ်ပေါင်း (၃၀) အတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၈ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် (၁၀၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“နှစ် ၃၀ အတွင်း အဆိုးဆုံး။ ကျွန်တော်တို့ အိမ်ခေါင်ပေါ် တက်နေရတယ်။ ဘာအကူညီမှမလွယ်သေးဘူး။ ရေဆက်တက်ရင် အခြေအနေပိုဆိုးမယ်” လို့ ကလေးဝမြို့မှ ဒေသခံတယောက်က ပြောပါတယ်။

မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုနဲ့ ပတ်သက်လို့ အဲဒီမြစ်ရေဟာ ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ အနီရောင်အဆင့်ထက်မြင့်တဲ့ ခရမ်းရောင်အဆင့်အထိ ရောက်နေတာတွေ့ရပြီး အနီရောင်က ကလေးဝကို ကျော်တဲ့အထိ ရောက်နေပြီဖြစ်တာကို တွေ့ရတယ်လို့ အသိပေးထားပါတယ်။

မြစ်ရေမြင့်တက်မှုတွေဟာ မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားနေတာဖြစ်ပြီး ဟုမ္မလင်းမြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လပထမပတ်ကစလို့ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး စိုးရိမ်ရေမှတ်အထက် ၃ ပေကျော်ကို ရောက်ရှိလာတာကြောင့် တမြို့လုံးနီးပါး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုမ္မလင်းက နမ့်တော၊ နောင်ပိုအောင် ရွာတွေအကုန်လုံး ရေမြုပ်နေလို့ သွားချင်တဲ့ခရီးကို သွားလို့လည်း မရပါဘူး။ ဖုန်းတာဝါတိုင်တွေလည်း ရေမြုပ်နေလို့ ဟုမ္မလင်းနဲ့ အနီးတဝိုက်ပဲ အဆက်အသွယ်ရတယ်။ ဓာတ်ဆီ တလီတာ တသောင်းသုံးထောင်ကျပ်ရှိနေပြီ။ ဟုမ္မလင်းတမြို့လုံး ရေကြီးနေလို့ တည်းခိုခန်းတွေလည်း လူပြည့်နေပြီ။ ရေကလည်း တက်ဆဲ၊ တက်မြဲပဲ ရှိနေပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီလိုပဲ ခန္တီးမြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၉ ပေခွဲခန့် (၂၁၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားပါတယ်။

“ခန္တီးမြစ်ရေ ခုထိတက်ဆဲပါ။ အားလုံးသတိရှိကြဖို့ မှာချင်ပါတယ်။ မိုးရွာသွန်းမှုကြောင့် ဥတုချောင်းရေလည်း အဆမတန်တက်နေပါတယ်။ ချင်းတွင်းမြစ်ရေရော၊ ဥတုချောင်းရေရော တက်နေတာမို့ ဟုမ္မလင်းအောက်ဘက်ရွာနေ ပြည်သူတွေ အထူးဂရုစိုက်ပါ” လို့ ခန္တီးမြို့မှ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် မော်လိုက်မြို့မှာလည်း တမြို့လုံးနီးပါး ရေနစ်မြုပ်နေတာကြောင့် ရေဘေးဒုက္ခသည်တွေဟာ အ.မ.က (၂) အောင်မင်္ဂလာ၊ အား/ကာခန်းမ (အဟောင်း)၊ အ.ထ.က (ကျောင်းကြီး)၊ မြို့မဘုန်းကြီးကျောင်း၊ အ.မ.က (၅) အောင်ဇေယျာ၊ ဒီပင်္ကရာတောင်ပေါ်၊ တံတားဦးဘုန်းကြီးကျောင်း စတဲ့ နီးစပ်ရာနေရာတွေမှာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၈ ရက်မှာတော့ ကျောင်းတွေမှာ နေထိုင်နေကြတဲ့ ရေဘေးဒုက္ခတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေဆီ ပြောင်းရွှေ့ခိုင်းတာကြောင့် ပြောင်းရွေ့နေကြရတယ်လို့ ဆိုပါတယ်။

မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲ တိုင်းထွာချက်မှာတော့ ချင်းတွင်းမြစ်ရေဟာ မော်လိုက်မြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ၇ ပေခန့် (၂၁၁ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါအပြင် ဖောင်းပြင်မြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၈ ပေကျော်ခန့် (၂၄၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် တရက်အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူ မင်းကင်းမြို့မှာလည်း ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေခန့် (၉၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကချင်ပြည်နယ်က နန့်ယင်းချောင်းရေ မြင့်တက်မှုနဲ့ ပတ်သက်လို့လည်း မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၈ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်မှာ မိုးကောင်းမြို့မှာ နန့်ယင်းချောင်းရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၂ ပေခန့် (၅၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါအပြင် နန့်ကောင်းချောင်းရေဟာလည်း မိုးကောင်းမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေကျော်ခန့် (၃၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဲဒီချောင်းရေဟာ နောက်နှစ်ရက်အတွင်း မြို့ရဲ့စိုးရိမ်ရေမှတ်အောက်ကို ပြန်လည် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မိုးကောင်း စတဲ့ မြို့နယ် ၁၀ မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုး/ဇလက အကြံပြုထားပါတယ်။

#voiceofmyanmar #VOM #ချင်းတွင်းမြစ်ရေ #မြင့်တက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW