တောင်ကိုရီးယားမှာ ဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားတွေရဲ့ သုံးရက်ကြာသပိတ် စတင်

 

ဆိုးလ်၊ ဇူလိုင်-၈-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားမှာ ဆမ်ဆောင်းအီလက်ထရွန်းနစ် လုပ်ငန်းစုက လုပ်သားတွေဟာ လုပ်ခလစာနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင့်အခြေအနေဖြစ်ရေးနဲ့ ပတ်သက်ပြီး သုံးရက်ကြာ သပိတ်ကို ဒီနေ့ ဇူလိုင် ၈ ရက်မှာ စတင်လိုက်ပါတယ်။

ဆမ်ဆောင်းအနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် နောက်ထပ် ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေဟာ သမဂ္ဂဝင်အလုပ်သမားတွေအတွက် နှစ်စဉ်ခွင့်ပိုပေးတာနဲ့ ဆုကြေးပေးတာမျိုး ပြောင်းလဲလိုနေပါတယ်။

ဆမ်ဆောင်းအီလက်ထရွန်းနစ် အလုပ်သမားသမဂ္ဂဟာ အဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ရှိပြီး တောင်ကိုရီးယားရှိ ဆမ်ဆောင်းလုပ်ငန်းစုအင်အားရဲ့ လေးပုံတပုံနီးပါးရှိပါတယ်။

ဒါပေမယ့်လည်း သပိတ်မှောက်မှုမှာ ပါဝင်မှုနည်းပါးတာနဲ့ စက်ရုံတွေမှာ အလိုအလျာက်ထုတ်လုပ်တဲ့စနစ်တွေကြောင့် အလုပ်သမားတွေရဲ့ သပိတ်ဟာ ကမ္ဘာ့အကြီးဆုံး ချစ်ပ်တွေထုတ်လုပ်တဲ့ ဆမ်ဆောင်းလုပ်ငန်းစုအတွက် များစွာ သက်ရောက်နိုင်ခြေမရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း နှစ်စဉ်နားရက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုကြောင့် ဝန်ထမ်းအများအပြား နုတ်ထွက်ခဲ့ပြီး ဒီကိစ္စကြောင့် လုပ်ငန်းအပေါ် မထိခိုက်ဘူးလို့ ဆမ်ဆောင်းကထုတ်ပြန်ခဲ့ပြီး လက်ရှိသပိတ်မှောက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိပါဘူး။

အဲဒီချိန်က သပိတ်မှောက်အလုပ်သမားအရေအတွက်ကို သမဂ္ဂက ထုတ်ပြန်ခြင်းမရှိပေမယ့် လက်ရှိသပိတ်မှောက်မှုမှာတော့ အလုပ်သမား ၆၅၀၀ ကျော်ပါဝင်တယ်လို့ ပြောပါတယ်။

ဒီအလုပ်သမားတွေထဲမှာ ကုန်ထုတ်လုပ်ငန်း၊ သုတေသနနဲ့ အလိုအလျောက်ကိရိယာတွေကို စောင့်ကြည့်ထိန်းချုပ်တဲ့ အလုပ်သမားတွေ ပါဝင်တယ်လို့ ဆမ်ဆောင်း အလုပ်သမားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Ref:Reuters
Photo:AFP

#Voiceofmyanmar #VOM #တောင်ကိုရီးယား #ဆမ်ဆောင်း #အလုပ်သမားသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW