မုန်တိုင်းဖြစ်နိုင်ချေရှိတဲ့အတွက် ရေဘေးအန္တရာယ် ပိုမို သတိပြုဖို့ လို

 

ဇူလိုင် ၁၂ – ၂၀၂၄
SN (VOM)

လာမယ့် သုံးရက်အတွင်း တောင်တရုတ် ပင်လယ်ဘက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းအဆင့်ထိ ရောက်ရှိလာနိုင်တဲ့အတွက် ရေဘေးအန္တရာယ် ပိုမို သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက အသိပေးထားပါတယ်။

ဦးဝင်းနိုင်က ပြောပါတယ်။

အဲဒီရက်တွေမှာ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်လာနိုင်ပြီး တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းငယ်အဆင့်အထိ ရောက်ရှိနိုင်ကာ ဘင်္ဂလားပင်လယ်အော်မှာတော့ အိန္ဒိယ အရှေ့မြောက်ကမ်းခြေနဲ့ ထိစပ်နေတဲ့ ပင်လယ်ပြင်ပေါ် “ကုန်းတဝက်၊ ရေတဝက် အားကောင်းမှုမရှိတဲ့ လေဖိအားနည်းရပ်ဝန်း” လောက်သာ ဖြစ်နိုင်တာကို တွေ့ရတယ်လို့ မိုး‌လေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။

“ဒီအခြေအနေကြောင့် နောက်လာမဲ့ သုံးရက်အတွင်း မြန်မာတနိုင်ငံလုံး နေရာအနှံ့အပြားမှာ မုတ်သုံမိုးတွေရွာနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါမယ်။ မြစ်ရေတွေအောက်ဘက်ဆင်းလာချိန်၊ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတွေ အစီအရီဖြစ်လာနိုင်ချိန်နဲ့ ဒီရေတက်ချိန်တွေက တိုက်ဆိုင်သွားနိုင်ပါတယ်။ ဒါကြောင့် ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်ကြီးတွေတလျှောက် ရေနဲ့ပတ်သက်ဆက်စပ်တဲ့ သဘာဝဘေးတွေဖြစ်လာနိုင်တာကို သတိရှိကြဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် ဇူလိုင် ၁၉ ရက်မှ ၂၅ ရက်အတွင်း ပင်လယ်ဒီရေတက်ရက်လည်း ဖြစ်တာကြောင့် ရန်ကုန်မြစ်မှာ ၂၁ ဒသမ ၆ ပေအထိ ဒီရေမြင့်တက်နိုင်တာကိုလည်း တွေ့ရှိရတယ်လို့ သူက ပြောပါတယ်။

အရှေ့နဲ့ အနောက်ဘက်က ပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်လာတဲ့အခါ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်မှာ မဟုတ်ပေမယ့်လည်း အနောက်ဘက် ဘင်္ဂလားပင်လယ်အော်နဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်ဘက်က ရွေ့လျားရောက်ရှိလာနိုင်တဲ့ မိုးတိမ်တွေ၊ လေပွေလှိုင်းတွေ၊ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေက ဇူလိုင် ၁၅ ရက်မှစပြီး ၁၇ ရက်၊ ၁၈ ရက်တွေအထိ မြန်မာနိုင်ငံတဝန်း မိုးကောင်းစေမှာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါအပြင် မိုးလေဝသပညာရှင် စုစုစံကလည်း လက်ရှိမှာ ဗီယက်နမ်နိုင်ငံ အရှေ့ဘက်ပင်လယ်ပြင် တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ် ပေါ်လာတာကို တွေ့ရတယ်လို့ အသိပေးထားပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ပြီး ၁၉ ရက်မှ ၂၂ ရက်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနဲ့ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသတွေကို ခြိမ်းခြောက်နိုင်တယ်လို့ ဆိုပါတယ်။

“လေဖိအားနည်းရပ်ဝန်းဟာ ၂၄ နာရီအတွင်း ပိုမို အားကောင်းလာပြီး ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ ဒီ မုန်တိုင်းကြောင့် မြန်မာနိုင်ငံကို မိုးသက်ရောက်မှု ရှိနိုင်တယ်” လို့ မိုးလေဝသပညာရှင် စုစုစံက ပြောပါတယ်။

မုန်တိုင်းရဲ့ အရှိန်ကြောင့် ၂၄ နာရီအတွင်း ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်ဒေသတွေမှာ မိုးရွာနိုင်ပြီး ရေးခရိုင်နဲ့ သံဖြူဇရပ်ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ဆက်လက် အသိပေးထားပါတယ်။

ဇူလိုင် ၁၃ ရက်မှ ၁၅ ရက်နေ့အတွင်း မိုးရွာသွန်းမှု အခြေအနေတွေအနေနဲ့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ မိုးရွာနိုင်ပြီး မွန်ပြည်နယ်မှာတော့ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

#voiceofmyanmar #VOM #လေဖိအားနည်းရပ်ဝန်း #မုန်တိုင်း #ရေဘေးအန္တရာယ် #သတိပြု

Related posts

Leave a Comment

VOM News

FREE
VIEW