အိမ်သုံးဂက်စ်တွေ ဈေးမြင့်တက်ပြီး ပစ္စည်းပြတ်နေလို့ ပိတ်ထားရတဲ့ ဆိုင်တွေလည်း ရှိလာ

 

ဇူလိုင် ၁၃ – ၂၀၂၄
SN (VOM)

ရန်ကုန်မြို့မှာ အိမ်သုံးဂက်စ် (LPG) တွေ ဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်နေလို့ ပိတ်ထားရတဲ့ ဆိုင်တွေလည်း ရှိလာတယ်လို့ ဂက်စ်အရောင်းဆိုင်ပိုင်ရှင်တွေနဲ့ သုံးစွဲသူတွေက ပြောပါတယ်။

လက်ရှိမှာ အိမ်သုံးဂက်စ်တင်သွင်းတဲ့ ကုမ္ပဏီတွေမှာပါ ပစ္စည်းပြတ်လပ်နေ‌တာဖြစ်ပြီး လက်လီအရောင်းဆိုင်တွေဆီ ခွဲတမ်းချပေးမှု နည်းပါးလာတာ‌ကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်လာတယ်လို့ မြောက်ဒဂုံမြို့နယ်ရှိ အိမ်သုံးဂက်စ်အရောင်းဆိုင် တာဝန်ခံက ပြောပါတယ်။

“ဂက်စ်တွေ ဘာလို့ပြတ်တာလဲဆိုတော့ ယိုးဒယားဘက်ကမဝင်တော့တာဗျ။ ရေလမ်းခရီးကလည်း လုံးလုံးမရတော့ဘူး။ မိုးတွင်းကာလဖြစ်တော့ လမ်းခရီးအခြေအနေ မကောင်းတာလည်းပါတယ်။ ဒေါ်လာစျေးတွေကြောင့်လည်း ပါတာပေါ့ဗျာ။ အဓိက ကတော့ မြန်မာငွေအမောင့်ကို လဲလို့မရတော့တာပေါ့။ အခုက ကုမ္ပဏီတွေမှာပါ ဂက်စ်တွေပြတ်နေကြတာဆိုတော့ လုံလုံလောက်လောက် မချပေးနိုင်ကြဘူး။ ခါတိုင်းဆို ကျွန်တော်တို့ဆိုင်ကို ဂက်စ်အိုး ငါးလုံး ချပေးရင် အခုက နှစ်လုံးလောက်ပဲ ချပေးတော့တယ်။ ခွဲတမ်းနဲ့ပဲ ရနေတဲ့သဘောမျိုးပေါ့။ အခုက ဆိုင်တိုင်းလိုလိုပါပဲ၊ ဂက်စ်တွေ ပြတ်နေကြတာ။ စျေးတွေကလည်း တော်တော်လေးကို တက်လာတာ” လို့ သူက ပြောပါတယ်။

အရင်က အိမ်သုံးဂက်စ် ဘူးအကြီး ၁၅ ကီလိုဂရမ် တဘူးကို ကျပ် တသိန်းနှစ်သောင်း ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် တသိန်းရှစ်သောင်းခွဲနဲ့ ရောင်းချနေပြီး တပိဿာဈေးကတော့ အရင်က ကျပ် ၇၀၀၀ – ၈၀၀၀ ဝန်းကျင် ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် တသောင်းနှစ်ထောင်ကနေ တသောင်းသုံးထောင်ဝန်းကျင် ရှိနေပြီး ၂၂၀ ဂရမ် ဘူးအသေးကတော့ အရင် ၁၂၀၀ – ၁၃၀၀ ကျပ်ကနေ အခု ၁၄၀၀ – ၁၅၀၀ ကျပ်ဝန်းကျင်ဈေး ဖြစ်နေတယ်လို့ အိမ်သုံးဂက်စ် ရောင်းချသူတွေက ပြောပါတယ်။

“ကျွန်တော်တို့ဆို ပစ္စည်းတွေလည်း ပြတ်နေတာ။ နောက်ပြီး ပစ္စည်းတွေချပေးတော့လည်း နည်းနည်းစီပဲ ချပေးတာဆိုတော့ တော်တော်အခက်တွေ့နေတာ။ အဲဒါကြောင့် ဆိုင်ပိတ်ထားရတာ ခုနစ်ရက်လောက်ရှိပြီ။ ဒီနေ့မှပဲ ပြန်ဖွင့်တာ” လို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ အိမ်သုံးဂက်စ် ရောင်းချသူတယောက်က ပြောပါတယ်။

LPG ဂက်စ်တွေဟာ အရင်က အသုံးပြုသူ နည်းပါးခဲ့ပေမယ့် လက်ရှိမှာတော့ လျှပ်စစ်မီး လုံလောက်စွာ မရရှိတာကြောင့် အသုံးပြုမှု တွင်ကျယ်နေတာဖြစ်ပြီး စားသောက်ဆိုင်တွေသာမက နေအိမ်တိုင်းလိုလို ဂက်စ်မီးဖိုတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဈေးကွက်အတွင်း အိမ်သုံးဂက်စ်တွေ ပြတ်လပ်လာတာကြောင့် အသုံးပြုသူတွေအနေနဲ့ လိုသလောက်ဝယ်ယူနိုင်ဖို့အတွက် အခက်အခဲတွေ ရှိလာနေတယ်လို့ ပြောဆိုကြပါတယ်။

“ဂက်စ်တွေ လုံ‌လုံလောက်လောက်မရလို့ ဈေးရောင်းရတာ အဆင်မပြေဘူး။ အခုဆို ဂက်စ်က ကိုယ်လိုချင်သလောက်လည်း ဝယ်လို့မရဘူး။ ကျွန်မက အကြော်အလှော်တွေနဲ့ ဈေးရောင်းနေရတဲ့သူ ဆိုတော့ မီးသွေးထက် ပိုပြီးသုံးရအဆင်ပြေတဲ့ ဂက်စ်ကိုပဲ သုံးနေရတာ။ ကျွန်မတို့ဆိုင်အတွက်ဆို ဂက်စ်က နှစ်ပိဿာလောက်မှ အဆင်ပြေတာ။ အခုတော့ တပိဿာပဲ ဝယ်လို့ရတယ်။ ဆိုင်ကလည်း ခွဲတမ်းနဲ့ မျှရောင်းနေရလို့ပါ ပြောတယ်။ တခြားဆိုင်တွေ စုံစမ်းတော့လည်း ပိတ်ထားတဲ့ဆိုင်နဲ့ ပစ္စည်းမရှိတဲ့ဆိုင်က များနေတယ်။ တရက်ကဆို ဂက်စ် လုံးဝမရလို့ မီးသွေးမီးဖိုနဲ့ပဲ ဆိုင်ထွက်လိုက်ရတယ်” လို့ အိမ်သုံးဂက်စ် သုံးစွဲသူတယောက်က ပြောပါတယ်။

ပြည်တွင်းမှာ သုံးစွဲနေရတဲ့ အိမ်သုံးဂက်စ်တွေကို မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကနေ အဓိက တင်သွင်းနေတာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေဈေး မြင့်တက်မှု၊ ရှားပါးမှု အခက်အခဲကြောင့် ဂက်စ်ရရှိနိုင်ဖို့ အဆင်မပြေဖြစ်နေရတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိပြည်တွင်းမှာ အသုံးပြုနေကြတဲ့ အိမ်သုံး၊ မီးဖိုချောင်သုံး၊ လုပ်ငန်းသုံး ဂက်စ်တွေကို ပင်လယ်ရေကြောင်းကနေတဆင့် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသလို နယ်စပ်လမ်းကြောင်းကတဆင့် ထိုင်းနိုင်ငံမှလည်း တင်သွင်းလျက်ရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

#voiceofmyanmar #VOM #အိမ်သုံးဂက်စ် #ဈေးတက် #ပစ္စည်းပြတ်

Related posts

Leave a Comment

VOM News

FREE
VIEW