ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေအားလုံး ပိတ်

 

ဒါကာ၊ ဇူလိုင်-၁၇-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်ခွဲတမ်းနဲ့ ပတ်သက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာပြီးနောက် နိုင်ငံတဝန်းရှိ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို နောက်ထပ်အသိပေးချက် မထုတ်မပြန်မချင်း ပိတ်ထားလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲတွေအတွင်း လူခြောက်ယောက် သေဆုံးပြီးနောက်မှာ အာဏာပိုင်တွေက အခုလိုအမိန့်ထုတ်လိုက်တာဖြစ်ပြီး ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေဟာ အစိုးရရဲ့ အလုပ်အကိုင် မူဝါဒအပေါ် ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်ထံမှ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း သားသမီးများအတွက် အစိုးရအလုပ်အကိုင်တွေ ကြိုတင်နေရာချထားပေးတဲ့စနစ်ကို ဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ရက်အတန်ကြာကတည်းက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အစိုးရအလုပ်တွေရဲ့ သုံးပုံတပုံကို စစ်ပြန်သူရဲကောင်းအဖြစ် သတ်မှတ်ခံထားရသူတွေရဲ့ သားသမီးများအတွက် ထားရှိခြင်းဟာ ခွဲခြားဆက်ဆံခံရတာလို့ ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေက ကန့်ကွက်ပြောဆိုပါတယ်။

မြို့တော်ဒါကာအပါအဝင် မြို့အများအပြားမှာ ယခုသီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူတွေနဲ့ အစိုးရထောက်ခံသူများအကြား အထူးသဖြင့် အာဏာရ အဝါမီလိဂ်ရဲ့ ကျောင်းသားအဖွဲ့တွေအကြား ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လစာကောင်းရရှိခြင်းကြောင့် အစိုးရအလုပ်တွေကို အလွန်မက်မောကြပြီး အလုပ်အကိုင် ရာပေါင်းများစွာဖြစ်တဲ့ ရာထူးဌာနတွေရဲ့ ထက်ဝက်ကျော်ကို သီးသန့်ခွဲထားရှိပြီး ဒီထဲမှာ အမျိုးသမီး လူနည်းစုတိုင်းရင်းသားတွေနဲ့ မသန်စွမ်းတွေအတွက်လည်း ရာခိုင်နှုန်းအနည်းငယ်ပါဝင်ပါတယ်။

Ref;BBC
Photo:AFP/Getty Images

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ဆန္ဒပြပွဲ #ခြောက်ယောက်သေ #ကျောင်းတွေပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW