ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ မြစ်ရေ ဆက်လက်မြင့်တက်ပြီး စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

 

ဇူလိုင် ၁၇ – ၂၀၂၄
SN (VOM)

ဧရာဝတီမြစ်ရေဟာ အောက်ဘက်ကို တဖြည်းဖြည်း ဆင်းလာတဲ့အတွက် မကွေး၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတို့မှာ မြစ်ရေ ဆက်လက်မြင့်တက်နေပြီး စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်ကမ်းနံဘေး မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဇလွန်၊ ပခုက္ကူ၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံနဲ့ ပြည်မြို့တို့မှာ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အထက် ကျော်လွန် ရောက်ရှိနေပြီဖြစ်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုး/ဇလက အကြံပြုထားပါတယ်။

“မြစ်ရေကြီးတဲ့ အဓိကအချက်ကတော့ မိုးများလို့ပါ။ မြစ်တွေရဲ့ သဘောသဘာဝက မြစ်အထက်ပိုင်းမှာ မိုးများတယ်ဆိုရင် အရင်ဆုံးရေကြီးမှုကို ခံရမှာက အဲဒီ မြစ်အထက်ပိုင်းတွေပဲ။ ဧရာဝတီဆိုရင် ပြီးခဲ့တဲ့ ဇွန်လကုန်၊ ဇူလိုင်လဆန်းလောက်မှာ စပြီးရေကြီးတယ်။ သူ့အထက် ပူတာအိုတို့ဘာတို့ပေါ့လေ။ မြစ်ကြီးနားကရေက မြစ်ရဲ့သဘောတရားအရ အောက်ကို ဆက်ပြီးတော့ ရေကရောက်လာတာပေါ့။ ကိုယ့်ဒေသမှာ မိုးမရွာပေမယ့် မြစ်အထက်ပိုင်းမှာ မိုးဆက်ရွာနေမယ်ဆိုရင် မြစ်ရေက ဆက်ပြီးတော့ တက်နေမှာပဲ။ ကိုယ့်ဆီမှာမိုးမရွာဘဲနဲ့ ဘာကြောင့် မြစ်ရေကြီးလဲဆိုရင် ဒါက ကြိမ်းသေ အပေါ်ရေပဲ” လို့ မိုး/ဇလဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ် အပါအဝင် ချင်းတွင်းမြစ်၊ ငဝန်မြစ်၊ ဒုဋ္ဌဝတီမြစ်၊ တိုးမြစ် စတဲ့ မြစ်ရေတွေလည်း တိုးလာနေတယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဧရာဝတီမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်ဖြစ်တဲ့ ချင်းတွင်းမြစ်ရေဟာ မြစ်ကြီးနားဘက်ကနေ ဧရာဝတီတိုင်း၊ ဇလွန်မြို့ဘက်ကို ဆင်းလာတာကြောင့် ရေလွတ်ရာနေရာကို အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရေတွေက တော့်တော့်ကို တက်လာတာပါဗျာ။ ရွာထဲက တာအမြင့်ကြီးတောင်မှပဲ တာရဲ့တံတားထိပ်နားထိကို တက်နေပြီ။ တာရဲ့ဟိုးဘက်အခြမ်းကရွာတွေ လေးရွာ၊ ငါးရွာလောက် မြုပ်နေပြီ။ ကျွန်တော့် ခန့်မှန်းခြေကတော့ ဒုက္ခသည်တွေ ၇၀၀/၈၀၀ လောက်တော့ ရှိမယ်ထင်တယ်။ အဲဒီလူတွေကတော့ ဒေါင့်ကြီးရွာ တာပေါ်မှာ အဖီတွေဆွဲပြီး ရသလိုနေနေရတယ်။ ရေတအားတက်တော့ ရှိတဲ့ လယ်ယာစိုက်ခင်းတွေလည်း အကုန် ကုန်တာပဲဗျာ။ တရက်နဲ့ တရက် ရေတက်တာက တော်တော်ကြမ်းတယ်” လို့ ဇလွန်မြို့၊ ဒေါင့်ကြီးကျေးရွာမှ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် ပဲခူးတိုင်း၊ ပြည်မြို့မှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်နေတာကြောင့် မြစ်နဲ့နီးတဲ့ ရပ်ကွက်တွေနဲ့ အနိမ့်ပိုင်းနေရာတွေမှာ နေအိမ်တွေထဲအထိ ရေဝင်ရောက်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပြည်မြို့က ဧရာဝတီမြစ် ကမ်းနားပိုင်းတွေဖြစ်တဲ့ ဖိုးခေါင်၊ ချောင်းနားတန်း၊ အနောက်လက်ခုပ်ပင် အပါအဝင် ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ကျော်မှာ ရေအတက်ကြမ်းနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အမြင့်ပိုင်းနေရာဖြစ်တဲ့ နဝင်းတံတားအနီးကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မိုး/ဇလရဲ့ ထုတ်ပြန်ချက်ထဲ မပါဝင်တဲ့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာလည်း ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တခုဖြစ်တဲ့ ငဝန်မြစ်ရေ အတက်ကြမ်းနေပြီး တကြိမ်တက်ရင် ၁ ပေနှုန်းနဲ့ တရက်ကို နှစ်ကြိမ်နှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရေက မနက် ၁ ပေ၊ ညနေ ၁ ပေလောက်ကို သိသိသာသာ တက်လာနေတော့တာ။ အခုက ချင်းတွင်းကလည်း ဆင်း၊ ဧရာဝတီကလည်း ဆင်း၊ မြစ်ကြီးနားကလည်းဆင်းလာတော့ တော်တော်အတက်ကြမ်းတယ်။ နှစ်ရက်အတွင်းမှာ တော်တော့်ကိုတက်လာတာ။ သီးနှံစိုက်ခင်းတွေဆို နုနုလေးတွေနဲ့ အကုန်ခူးရောင်းရတာပဲ။ တော်တော်ပျက်စီးသွားတာ။ တာရိုးအပြင်က အိမ်တွေကတော့ တော်တော်လေးကိုမြုပ်နေပြီ။ တာလျှံလာရင်တော့ တာအတွင်းဘက်ကိုပါ ရောက်လာတော့မှာ။ အခု ရွာထဲက နတ်စင်ဆိပ်မှာ ဆည်မြောင်းဘက်ကလူတွေ ရေကင်းစောင့်ပေးနေကြတာ သုံးရက်လောက်ရှိပြီ” လို့ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးရွာမှ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ မြန်မာနိုင်ငံတဝန်း ရေကြီး၊ ရေလျှံမှုတွေကြောင့် လူပေါင်းသောင်းနဲ့ချီ ရွှေ့ပြောင်းခဲ့ရပြီး နေအိမ်တွေ မျောပါပျက်စီးတာ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ တံတားကျိုးကျပြီး ကုန်သွယ်ရေးလမ်းတွေ ပြတ်တောက်တာနဲ့ လူသေဆုံးမှုတွေအထိ ရှိခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #မကွေးတိုင်း #ပဲခူးတိုင်း #ဧရာဝတီမြစ်ရေ #စိုးရိမ်ရေမှတ်

Related posts

Leave a Comment

VOM News

FREE
VIEW