အခန်း (၁၁၇)

ဆူးငှက်

တက္ကသိုလ်အပြန် ပညာလည်းမစုံ၊ ကြင်ယာလည်း မစုံ
—————————————————————–

စောစောက ကျွန်တော်ပြောသည့် အထဲတွင် “သမီးရည်းစားလည်းမကျ၊ ဘာမှလည်းမဖြစ်” ဟူသော စကားပါခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ၄နှစ်၄မိုးသာ ကုန်ရော တက္ကသိုလ်မှာ ပြည်တော်အပြန် ပညာလည်းစုံ ကြင်ယာလည်း စုံသည့်ကိန်း မဆိုက်ခဲ့ကြပုံကို တင်စားသည့် စကားဖြစ်သည်။ တကယ်တော့ ထိုစကားက ကျွန်တော်နှင့် ပို၍ ကိုက်ညီသည်။ သိကြသည့်အတိုင်း တက္ကသိုလ်ပထမနှစ် ဖရက်ရှာဝဲလ်ကမ်း ကတည်းက ခြေတိုအောင် ချောင်းပေါက် မတတ် ကြိုးပမ်းခဲ့သည်ကလည်း ဘာမှမဖြစ်ခဲ့။ ထိုသို့ မဖြစ်ခဲ့ပြီးနောက် ကျွန်တော်လည်း ကျောင်းတက်ခြင်း က်စ္စ အားမစိုက်တော့ဘဲ စာအုပ်တွေချည်း ဖတ်ဖြစ်တော့၏။ အဲဒီ စာအုပ်တွေကပဲ နောက်ဇာတ်လမ်း တစ်ပုဒ် အစပျိုးခြင်းဖြစ်ခဲ့ရသည်။

ပုံမှန်အားဖြင့် မုန့်ဖိုးထဲက လစဉ် မိုးဝေနှင့် ရှုမဝ မဂ္ဂဇင်း ၂အုပ်ဝယ်သည်။ ထို့ပြင် အသစ်ထွက်သည့်ထဲက မိမိနှစ်သက်သည့် စာရေးဆရာတွေ့လျှင် ဝယ်သည်။ ကျွန်တော် ကနဦးပြောခဲ့သလိုပါပဲ။ ၉တန်းကတည်းက ဆရာမဒေါ်မြင့်မြင့်အေး တာဝန်ပေးလို့ စန္ဒာမဂ္ဂဇင်းကို ထိုစဉ်က ကျောက်သွေးတန်းရှိ လုပ်သားပိုင် စာနယ်ဇင်းက လစဉ်ယူရသည်။ ထိုကတည်းက လုပ်သားပိုင် စာနယ်ဇင်းမှာပဲ စာအုပ်တွေ ဝယ်ဖြစ်ကာ ထိုဆိုင် က မမလတ်တို့ မယဉ်မေတို့ မတင်လှတို့နှင့် ရင်းနှီးခဲ့သည်။

စာအုပ်ဆိုင်ဆီသို့ပဲ နေ့စဉ်ခြေဦးလှည့်ဖြစ်သောအခါ
——————————————————-

လုပ်သားပိုင် စာနယ်ဇင်းက နာရီစင်အနီး ခန်းမ ၂ အောက်ထပ်တွင် စာနယ်ဇင်းသမဝါယမအဖြစ် တိုးချဲ့ ဖွင့်လှစ်တော့ ထိုနေရာအထိ လိုက်ပါပြီး စာအုပ်တွေ ပုံမှန်ဝယ်သည်။ ထိုရောက်တော့လည်း နောက်ထပ် ဝန်ထမ်းအသစ်တွေနှင့် ရင်းနှီးပြန်သည်။ ထိုစဉ်ကာလ တိုက်ကျ စာအုပ်များကိုလည်း ကောင်တာတစ်လုံး သီးသန့်ထားကာ ရောင်းချသည်။ တကယ်တော့ ထိုတိုက်ကျစာအုပ်များက တကယ့် အဖိုးတန်စာအုပ်များ ဖြစ်၏။ ထုံစံအတိုင်း အဖိုးတန်က ပေါ်ပြူလာမဖြစ်လို့ မရောင်းရတော့ တိုက်ကျဖြစ်တာပေါ့။ ထိုအခါ တိုက်ကျစာအုပ်များက ဈေးအလွန်ချိုသည်။ မူလတန်ဖိုး၏ တစ်ဝက်နှုန်းလောက် ဖြစ်သည်။

ကျွန်တော်က တိုက်ကျစာအုပ်တွေကို မက်မောသည်။ တကယ့်စာအုပ်ကောင်းများမို့ မုန့်ဖိုးရတိုင်း ဝယ်ဖြစ်သည်။ ထိုစဉ်မှာပဲ ဝန်ထမ်းသစ်လေး တစ်ယောက်ကို မျက်စေ့ကျမိပါရော၊ ပြောကြစို့ဆိုလျှင် ကျွန်တော့် ထုံးစံအတိုင်းပေါ့။ မနက် ၉နာရီခွဲ ဆိုင်ဖွင့်ကတည်းက ဆိုင်နံရံ မှန်ချပ်ကြီးအပြင်က ရပ်ပြီး ကသိုဏ်းရှုသည်။ မနက်ကျောင်းသွားချိန် ကျောင်းမရောက်တော့ဘဲ စက်ဘီးလေး ဒေါက်ထောက်ပြီး ရပ်ကြည့်ပေါ့။ ဘယ်အထိ ကြည့်သလဲဆို ကျောင်းဆင်းမည့် ၁၂နာရီအထိ။ နာရီစင်က ၁၂နာရီထိုးမှ အိမ်ပြန်သည်။

သူလည်းသိနေပြီပဲ၊ စာပေးလိုက်လေ တဲ့
————————————————

အိမ်မှာ ထမင်းစား၊ ရေမိုးချိုးပြီး ညနေ ရုံးဆင်းချိန် ၄နာရီမတိုင်မီ ထိုနေရာ ပြန်ရောက်သည်။ သူတို့ဆိုင် သံတံခါးကြီးပိတ်၊ စာရင်းလုပ် ပြန်ထွက်ချိန်အထိ စောင့်ပြီး သူစီးမည့် ၂၉လမ်း အင်းဝနို့ချဉ်ဆိုင်မှတ်တိုင်အထိ သူ့နောက်က စက်ဘီးတွန်း၍ လိုက်သည်။ သူက ကားပေါ်တက် ကားထွက်မှ ၂၉လမ်းအတိုင်း စက်ဘီးစီးပြီး အိမ်ပြန်သည်။ ကိုင်း ဒါက ရုံးပိတ်ရက်မှလွဲ နေ့စဉ် ဆောင်ရွက်နေကျ အလုပ်ပေါ့ဗျာ။ အဲဒါလည်း ၁နှစ်ခွဲလောက် ကြာမှာပေါ။ နောက်တော့ ကျွန်တော့်ကို သနားလို့ထင်ပါရဲ့၊ ကျောက်သွေးတန်းကတည်းက ခင်သည့် ထိုဆိုင်က စီနီယာ အစ်မကြီးက ကျွန်တော့်ကို စာပေးဖို့ မြှောက်ပေးတော့သည်။ သည်တော့ ကျွန်တော်က စာအုပ်ဝယ်ရင်း စာပေးတာပေါ့။ သူက ယူသည်။ နောက်ရက်တွေ သွားတော့ ကြည်ကြည်သာသာ လက်ခံစကား ပြောသည်။ သိုပသော် စာတော့ မပြန်၊ နှုတ်ကလည်း အဖြေမပေး။ ဒါပေမယ့် ကျွန်တော်က သူ့ဓာတ်ပုံကို တောင်းတော့ သူ့ဓာတ်ပုံကို ပေးသည်။ ဓာတ်ပုံနောက်မှာတော့ ဘာစာမှ ရေးမထား။ အချိန်ရလျှင် သူ့မိသားစုနှင့် သူ့အိမ်အကြောင်း တွေ ကိုတော့ ပြောပြသည်။

နောက် ဆက်စပ်လိုက်ပြန်တော့ သူနှင့် အိမ်နီးချင်း အဒေါ်တစ်ယောက်လို ရင်းနှီးသော အပျိုကြီး တစ်ယောက်က ကျွန်တော့် အစ်မဝပ်းကွဲ အစ်ပျိုကြီးနှင့် မိတ်ဆွေ ဖြစ်နေပြန်သည်။ တစ်ရက် ဈေးချိုထဲရှိ ထိုအပျိုကြီး အထည်ဆိုင်သို့ ကျွန်တော့် အစ်မဝမ်းကွဲနှင့် သွားတော့ သူ့ကို ထိုဆိုင်မှာ တွေ့သည်။ သည်တွင် ဆက်စပ်မိသွားသည်။ ထိုစဉ်ကာလ ကျွန်တော့် အဘက ဆေးရုံတက်ရပါလေရော၊ ကြုံတုန်းရယ်စရာပြောရလျှင် အရေးပေါ် ဗိုက်နာသော အဘကို ဆေးခန်းပြတော့ ဆေးရုံတင်ခိုင်းသည်။ ဆေးရုံတင်တော့ အတွေ့အကြုံရှိသည့် အစ်မဝမ်းကွဲ မမသန်းလှက ဆေးရုံလိုက်ပို့သည်။ ကျွန်တော်လည်းပါတာပေါ့။ ဆေးရုံရောက်တော့ ခွဲစိပ်ရုံ၂မှာ အဘကို တင်ပြီး နှာခေါင်းမှတဆင့် အစာသွင်းဖို့ ပိုက်ထိုးသည်။

လူမမာကတော်တော်၊ ကျွန်တော်ကို ဆေးရုံတင်ရမလို
————————————————————-

ပိုက်က တော်တော်နှင့် မဝင်။ အဘကလည်း လူးလှိမ့်ရုန်း၊ ဆရာမက ချော့ပြောပြီး ပိုက်ကိုသွင်း ကျွန်တော်နှင့် မမသန်းလှက အဘကိုထိန်း၊ သည်တွင် အဘနှာခေါင်းထဲ ပိုက်မဝင်မီ ကျွန်တော်က အဘ ခုတင်ခြေရင်းမှာ မူးလဲသွားပါလေရော၊ မမသန်းလှရော ဆရာမတွေရော ပျာယာခပ်ကုန်ပါလေရော။ ကျွန်တော်က အဘဘေး ခုတင်လွတ်ပေါ်မှာ ပက်လက်။ ခဏနေမှ ဂလူးကို့စ်သောက်ပြီး သက်သာသည်။ ထိုအကြောင်းက ရပ်ကျော်ရွာကျော်လေ၊ အဘက နောက်ရက်မှာ မခွဲမစိပ်ရဘဲ သက်သာလို့ ဆေးရုံဆင်းရသော်လည်း ကျွန်တော့သတင်းက မပြီးနိုင် မစီးနိုင်။ သည်တော့ သည်သတင်းက ဈေးချိုထဲက အစ်မဝမ်းကွဲ မိတ်ဆွေ အထည်ဆိုင် အပျိုကြီးဆီရောက်၊ အပျိုကြီးဆီကနေ အိမ်နီးချင်း သူ့ဆီရောက်၊ ထိုနံရောအခါ ရုံးဆင်းချိန် တစ်ညနေ ဈေးချိုက အထည်ဆိုင် အပျိုကြီးနှင့် သူက အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လူမမာမေး လာကြပါလေရော။ ပြောကြစို့ဆိုလျှင် သူနှင့် ကျွန်တော့် သတင်းက ကျွန်တော့် အသိုင်းအဝန်းမှာတော့ ရပ်သိ ရွာသိပေါ့ ဗျာ။ သို့သော်..

အဲ့သည် သို့သော်ပါပဲလေ။ ကိုင်း တက္ကသိုလ်က ကျောင်းပြီးလု ကျွန်တော်က ရပ်သိရွာသိ ရည်းစားထားဖို့က ကိုယ့်အိမ်အခြေအနေနှင့် မျက်နှာပူလှသည်။ အိမ်က မနက်လင်းတိုင်း မုန့်ဖိုးကို လက်ဝါးဖြန့်တောင်းသူက ဒီအရွယ်မှာ ရည်းစားထားတာက အပျော်သဘော မဖြစ်အပ်တော့ပေ။ သူ့ဖက်ကလည်း အိမ်ရောက်လာတော့ ကျွန်တော့် အခြေအနေသိပြီလေ။ သူလည်း ၁၀တန်းအောင်ပြီး စာပေးစာယူနဲ့ စီးပီားရေးဘွဲ့ ရတော့မယ့်သူပဲ ၊ ဘယ့်နှယ် မစဉ်းစားဘဲ နေမလဲလေ။ သည်လိုနဲ့ နောက်ပိုင်း အေးတိအေးစက်၊ သို့သော် သူက စိုသောလက်မခြေက်အောင်တော့ မိတ်ဆွေကောင်းတစ်ယောက်လို ဆက်ဆံပါ၏။ ထုံးစံအတိုင်းပါပဲ၊ သူ ကျောင်းပြီးတော့ သူ့ဖူးစာပါသူနဲ့ပဲ လက်ဆက်သွားတာပေါ့။ သူက မိတ်ဆွေကောင်းပီသ သူဟု ပြောရသည်မျာ သူ့အနေအထားကို ပွင့်လင်းစွာ ပြောသည်။သူလည်း ရည်ငံ၊ အိမ်ကလည်း ကြည်ဖြူ သူတဲ့။

သမီးရည်းစား တကယ်ဖြစ်ခဲ့လား
————————————–

နောင်နှစ်များစွာကြာတော့ တစ်ညနေတွင် မိတ်ဆွေ စာရေးဆရာတစ်ယောက်၏ ကားနှင့် သွားနေကျ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သွားကြရာ ဘုန်းကြီးကျောင်းမရောက်မီ ကားလမ်းနှင့် မီးရထားလမ်းဆုံ၌ ရထားလာလို့ ကားက ရပ်စောင့်နေစဉ် ကားလေးက အမျိုးသမီး ခပ်ဝဝတစ်ယောက် လမ်းဖြတ်ကူးရင်း ကားထဲက ကျွန်တော့်ကို မြင်တော့ ကားထဲ ငုံ့ကြည့်ပြီး “နင် ကျော်ဆန်းမဟုတ်လား၊ အမလေး မတွေ့တော့တာကြာပေါ့၊ အခု ဘယ်သွားမလို့လဲ” ဟု မေးသည်။ ရုတ်ချည်း ကျွန်တော်မမှတ်မိ၊ နောက်မှ သူမှန်း မှတ်မိသွားကာ “ဟာ.. နင်က မမှတ်မိလောက်အောင် ပုံပြောင်းသွားတာကိုး၊ ဒါနဲ့ အခု နင်က..” ဟု ကျွန်တော်က မေးတော့ နောက်ကျောဘက်ဆီလှည့်ကာ လက်ညှိုးညွှန်၍ “ဟိုတိုက်က ဒို့တိုက်လေ၊ ရှေ့မှာ ထိုင်နေတာ ဒို့အမျိုးသားပဲ၊ ငါ့သမီးက ၁၀တန်းတောင် အောင်ပြီ” တဲ့။

ကြည့်စမ်း အရင်က ကိုယ်လုံးကိုယ်ပေါက် ဖျောက်ဖျောက် သွယ်သွယ်နှင့် ဆံပင်ဂုတ်ဝဲကို ရုံးတက်ရင် နောက်မှာ စည်းထားသူလေးက အခု ၁၀တန်းကျောင်းသူရဲ့ မိခင်ကြီးလေ။ ဝဝ ခန့်ခန့် မိန်းမကြီး။ကျွန်တော်လည်း သူ့ကိုကြည့်ရင်း အတိတ်ကို သတိရကာ မင်သက်မိနေတော့သည်။ သူကတော့ ကျွန်တော်တို့ သွားမည့်နေရာကို သိနေတော့ ဆရာတော့်ကျောင်းလား၊ နင်တို့ အမြဲလာတယ်လို့ ကြားပါတယ်ဟု ပြောသည်။ ကျွန်တော်က ခေါင်းညိတ်ရုံပါပဲ။ ရထားဖြတ်အပြီး ရထားလမ်းဂိတ်တံခါးဖွင့်တော့ သူ့ကို နှုတ်ဆက်ပြီး ထွက်ခဲ့သည်။

ကားမောင်းသော မိတ်ဆွေစာရေးဆရာက “ အမျိုးလားဗျ၊ အခုမှ ပြန်တွေ့ကြပုံပေါ်တယ်” ဟု စကားစသောအခါ ကျွန်တော်က ခပ်ယဲ့ယဲ့ပြုံးပြီး “ အကယ် ဒန္တု သူနဲ့ ကျွန်တော်ဟာ တစ်ချိန်က ရည်းစားဖြစ်ခဲ့တယ်လို့ ကျွန်တော်က စွပ်စွဲရင် သူက အကြောက်အကန်ငြင်းပြီး ကျွန်တော့်ကိုတောင် အသရေဖျက်မှုနဲ့ တရားစွဲလို့ ရပါတယ်။ ဘာ့လို့လဲဆိုတော့ သူနဲ့ကျွန်တော် ရည်းစားဖြစ်ကြောင်း ဘာသက်သေခံ အထောက်အထား တစ်ခုမှ မရှိလို့ပါပဲ” ဟု ဖြေတော့ မိတိဆွေ စာရေးဆရာက တဟားဟားရယ်ရင်း “ခင်ဗျားဟာက သမီးရည်းစားလည်းမကျ၊ ဘာမှလည်း မဖြစ်ပေါ့ဗျာ” ဟု ကောက်ချက်ချလိုက်သည်။ သြော် သည်စကားက အတော် တာသွားတာကိုး၊ ဟုတ်သည် “သမီးရည်းစားလည်းမကျ၊ ဘာမှလည်း မဖြစ်” တဲ့။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW