ရခိုင်မှာ တိုက်ပွဲတွေကြောင့် ရေလုပ်ငန်းလုပ်ကိုင်ရခက်လာလို့ ဒေသခံတွေဒုက္ခရောက်

 

ဇူလိုင် ၁၉ – ၂၀၂၄
GG (VOM )

ရခိုင်ပြည်နယ်မှာ AA နဲ့ နစကတပ်တွေအကြားဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ရေလုပ်ငန်းလုပ်ကိုင်ဖို့ခက်ခဲလာတဲ့အတွက် ရေလုပ်ငန်းကိုအမှီပြုပြီးအသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေရတဲ့ဒေသခံတွေ ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။

တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်နိုဝင်ဘာလကစပြီး ပင်လယ်ပြင်ထွက်ပြီး ငါး ၊ပုဇွန်ဖမ်းခြင်းလုပ်ငန်းက လုပ်ကိုင်ရအဆင်မပြေတော့ဘဲ တဖြေးဖြေးပိုဆိုးလာပြီး လက်ရှိမှာတော့ ငါးဖမ်းဖို့အတွက် ထောက်ခံစာရယူရတာတွေ၊အချိန်ကန့်သတ်တာ၊ကမ်းအဝေးကိုငါးရှာခွင့်တားမြစ်တာတွေ၊မြို့တခုနဲ့တခုကိုသွားလာခွင့် တားမြစ်ခြင်းအပါအဝင်စတဲ့ ကန့်သတ်ချက်တွေ ရှိလာတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ငါး၊ပုဇွန် အပါရေထွက်ပစ္စည်း ရှာဖွေပြီးအသက်မွေးဝမ်းကျောင်းပြုနေသူတွေမှာ ဝမ်းစာရဖို့အတွက်ပင်မနည်းရုန်းကန်​နေရတယ်လို့ဆိုပါတယ်။

” အခုက ငါးဖမ်းသူသိပ်မရှိတော့ဘူး။အရမ်းခက်ခဲလာတယ်။တချို့ရှိတဲ့သူကျလည်း ကိုယ့်ဒေသတွင်းမှာပဲရောင်းဝယ်ကြတယ်။ရန်ကုန်မတင်ပို့နိုင်တော့ဘူး။ငါးဖမ်းရင်အုပ်ချုပ်ရေးမှာထောက်ခံစာယူရတယ်။အဝေးသွားမရဘူးအနီးမှာပဲ ရှာရတယ်။လွတ်လွတ်လပ်လပ်လုပ်လို့မရတော့ဘူး။ဒီတော့တချို့က ငါးဖမ်းဘာညာမလုပ်တော့ဘူး။တချို့ကကျဧရာဝတီတိုင်းဘက်ကိုရွှေ့သွားကြတယ်။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။

ဒါအပြင် လက်ရှိရခိုင်ပြည်နယ်မှာ AA တပ်ဖွဲ့ကနေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေလည်းများလာတဲ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေလည်းများလာတာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီးစစ်ဘေးရှောင်နေရတဲ့အတွက် ငါးပုဇွန်ရှာဖွေခြင်းလုပ်ငန်းကို မလုပ်နိုင်သူလည်းအများအပြားရှိနေပါတယ်။

” ခုကစစ်ရှောင်နေရလို့ ပြေးနေရတာဆိုတော့ဘယ်သူမှ ပင်လယ်ပြင်လည်းမထွက်နိုင်ဘူး။ ထွက်နိုင်တဲ့သူလည်းပြင်ပရောင်းလို့ကမရတော့ခက်ခဲတာပေါ့။စစ်ကဖြစ်၊အလုပ်ကလုပ်မရနဲ့အကုန်ဒုက္ခရောက်နေတာ။အရင်ကတော့ငါးပုဇွန်ရရင် စစ်တွေကိုပို့ရတယ်။အခုတော့လမ်းကြောင်းတွေကလည်းပိတ်။ငါးဖမ်းစက်လှေလည်းမထွက်ရပါဘူး။ ” လို့ ပေါက်တောဒေသခံကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကျေးရွာ ဒေသခံတော်တော်များများဟာ ပင်လယ်ပြင်ထွက်ပြီး ငါးပုဇွန်အပါအဝင်ရေထွက်ကုန်တွေကိုရှာဖွေပြီး ရောင်းချခြင်းလုပ်ငန်း ကိုလုပ်ကိုင်ကြတာဖြစ်ပါတယ်။

ရှာဖွေရရှိတဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ရန်ကုန် ကိုတင်ပို့ရောင်းချတာရှိသလို ပြည်နယ်တွင်းက စစ်တွေကုန်သွယ်ရေးစခန်းနဲ့မောင်းတောကုန်သွယ်ရေးစခန်းကနေလည်း ဘင်္ဂလား ဒေ့ရှ်ကိုပင်လယ်ရေကြောင်းတဆင့်တင်ပို့ရောင်းချမှုရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကနေ ပြည်တွင်းကို ဖြန့်ချီရောင်းချမှုလည်းမရှိတော့သလို ပြည်ပကိုလည်းတင်ပို့ရောင်းချနိုင်ခြင်းမရှိတော့ပါဘူး။

” စစ်တွေကို ဘာကုန်မှမဝင်ဘူးဆိုတော့စျေးကွက်လည်းမရှိဘူး။ရန်ကုန်လည်းမပို့နိုင်ဘူး။ရေလုပ်ငန်းလုပ်နေသူအကုန်လုပ်ငန်းရပ်ဆိုင်းကုန်တာပေါ့။ဘာမှကိုလုပ်မရလို့ ဒီတိုင်းပဲပေါ့။ ” လို့စစ်တွေက ရေထွက်ကုန်လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်ကပြောပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲကြောင့် ပြည်နယ်တွင်းရေလုပ်ငန်းဆောင်ရွက်မှုမရှိသလောက်ဖြစ်လာတဲ့အတွက် ဒေသတွင်းစားဖို့လောက်သာရပြီး ရန်ကုန်အပါအဝင်အခြားဒေသတွေကိုတင်ပို့ရောင်းချနိုင်ခြင်းမရှိတော့ ဘူးလို့သိရပါတယ်။

#Voiceofmyanmar #vom #ရခိုင် #ရေလုပ်ငန်းတွေရပ်နား #

Related posts

Leave a Comment

VOM News

FREE
VIEW