ရန်ကုန် လသာ ၁၉လမ်းက Bar တခုမှာဗုံးပေါက်ကွဲလို့ သုံးယောက်ဒဏ်ရာရခဲ့

 

ဇူလိုင် ၂၂ – ၂၀၂၄
GG (VOM)

ရန်ကုန်၊ လသာမြို့နယ်၊တရုတ်တန်းလမ်း ၁၉ လမ်းမှာဖွင့်ထားတဲ့ Black House Bar မှာ ညတုန်းက ဗုံးပေါက်ကွဲခဲ့ပြီး ဆိုင်အတွင်းစားသောက်နေသူတွေထဲက လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဇူလိုင်လ ၂၁ ရက်နေ့၊ည ၁၀ နာရီခွဲလောက်မှာ Bar အတွင်းရှိ စားပွဲဝိုင်းတခုမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆိုင်အတွင်းလည်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

” စားပွဲဝိုင်းတခုကနေပေါက်တော့အဲ့ဝိုင်းမှာထိုင်သူတွေထိကြတာ။ သုံးယောက်တော့ထိတယ်။ယောကျ်ားလေးတွေချည်းပဲထိတာ။ညကတည်းကဆေးရုံခေါ်သွားကြတယ်။ပေါက်ကွဲမှုဖြစ်ပြီးတော့စစ်တပ်ရောက်လာပြီးစစ်ဆေးတာတွေလုပ်တယ်။ညကတော့တလမ်းလုံးအကုန်ပိတ်လိုက်ရတဲ့ အခြေအနေဖြစ်သွားတာပေါ့။” လို့ လသာမြို့နယ်နေထိုင်သူတယောက်ကပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ တွေကို ညတွင်းချင်းရန်ကုန်ဆေးရုံကို ပို့ဆောင်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ Bar အတွင်း ဖောက်ခွဲမှုကိုတော့ ရန်ကုန်အခြေစိုက် Urban Special Ranger Force အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သူတို့ရဲ့ လူမှုကွန်ယက်ကနေသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

Black House Bar မှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အသိုင်း အဝိုင်းက လူေတွသောက်စားမူးယစ်ရာ နေရာဖြစ်ပြီး မူးယစ်ဆေးဝါးတွေလည်း ရောင်းချ ရာနေရာဖြစ်ကြောင်း သတင်းရရှိထားတာကြောင့် စစ်တပ်ရဲ့ စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ Urban Special Ranger Force အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ရန်ကုန်က Honey Nest DJ Bar အရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #blackhousebar #ဗုံးပေါက်ကွဲ #ထိခိုက်ဒဏ်ရာရ

Related posts

✕
VOM News

FREE
VIEW