နစကလက်ထက်မှာ ဆန်စျေးသုံးဆလောက်အထိမြင့်တက်သွား

 

ဩဂုတ် ၁ – ၂၀၂၄
GG (VOM)

နစက တာဝန်ယူတဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်တွင်းဆန်စျေးကွက်အခြေအနေက သုံးဆလောက်အထိမြင့်တက်သွားတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

နစက တာဝန်မယူခင် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် နှစ်ကုန်ကနေ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိကိုပင် ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်ကြမ်းတပြည်ကိုမှ ငွေကျပ် ၈၀၀ ကျပ်သာရှိပြီး ဆန်၂၄ ပြည်တအိတ်ကိုမှ ၂၀၀၀၀ ဝန်းကျင်သာရှိခဲ့ပါတယ်။

အလားတူ အမြင့်ဆုံးဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းကိုမှ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိကိုပင် ၅၀၀၀၀ ကျပ်အထက်သာရှိခဲ့ပြီး ဧရာဝတီတိုင်းကထွက်တဲ့ ပေါ်ဆန်းဆန်ကလည်း ၄၀၀၀၀ ကျပ်အောက်စျေးတန်းမှာပဲရှိခဲ့သလို မကွေးတိုင်းကထွက်တဲ့ ဧရာပဒေသာဆန်ကလည်း ၂၄ ပြည်တအိတ်ကိုမှ ၄၀၀၀၀ ကျပ်ဝန်း ကျင်သာရှိခဲ့ပါတယ်။

အဲဒီနောက် နစကတာဝန်ယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး ဆန်စျေးနူန်းတွေ တရိပ်ရိပ်မြင့်တက်ခဲ့ပြီး လက်ရှိ ၂၀၂၄ ခုနှစ် ၊ဩဂုတ်လမှာတော့ ရွှေဘိုပေါ်ဆန်း ၂၄ တအိတ်ကို ၂ သိန်းဝန်းကျင်၊ မကွေးတိုင်းထွက် ဧရာပဒေသာတအိတ်ကို ၁၇၀၀၀၀ ကျပ်၊ ဧရာဝတီတိုင်းနဲ့အခြားဒေသထွက် ပေါ်ဆန်းက တအိတ်ကို ၁၂၀၀၀၀ ကနေ ၁၄၀၀၀၀ ကျပ်အထိရှိနေပါတယ်။

ပြည်တွင်းစားသုံးမှုများတဲ့ဆန်နဲ့ ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စု၊ဧည့်မထဆန်တွေကတော့ ၂၄ ပြည်တအိတ်ကို အနိမ့်ဆုံး ၇၀၀၀၀ ကျပ်ကနေ ၁ သိန်းဝန်းကျင် အထိရှိနေတာဖြစ်ပါတယ်။

” ဆန်စျေးက တနှစ်ထက်တနှစ်ကိုပိုတက်လာတာ။ပိုတက်တာကိုမှ မနှစ်ကစပြီးပိုတက်လာတာခုထိပဲ။ စျေးတွေကတက်လာပြီး စိုက်ထည့်ရတဲ့အရင်းအနှီးတွေကသာတက်လာတာ အမြတ်က ထူးမတက်ပါဘူး။ဆန်စျေးတက်လို့ရောင်းဝယ်ရကြပ်ရတဲ့အထဲ သူတို့ကဖမ်းတာတွေစျေးကွက်ကိုချုပ်တော့ ဒုက္ခတွေရောက်နေရတယ်။ “လို့ ရန်ကုန်အခြေစိုက်ဆန်ကုန်သည်တယောက်ကပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင် ဆန်စပါးအသင်းချုပ်က ဩဂုတ်လအတွက် ရောင်းချရမယ့် ဆန်စျေးနူန်းတွေကို ထုတ်ပြန်ထားရာ ရွှေဘိုပေါ်ဆန်းကို အမြင့်ဆုံးမ​ှ ၁၄၅၀၀၀ ကျပ်၊ ပြည်ပတင်ပို့တဲ့ဆန်ကြမ်းအုပ်စုတွေက ၆၈၀၀၀ မှ ၈၇၀၀၀ ကျပ်၊ ပြည်ပတင်ပို့သလို ပြည်တွင်း စားသုံးမှုလည်းရှိတဲ့ ဆန်က ၈၇၀၀၀ မှ ၉၈၀၀၀ ကျပ်သာသတ်မှတ်ထားပါတယ်။

ဧရာဝတီတိုင်းထွက် ဧရာပဒေသာက ၁၀၀၀၀၀ ကျပ်၊ နေပြည်တော် ၊မန္တလေး၊စစ်ကိုင်း၊ မကွေး၊မြန်မာပြည်အထက်ပိုင်းကထွက်တဲ့အရည်အသွေးကောင်းမွန်တဲ့ဆန်က ၁၃၀၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စု (ဧရာဝတီပေါ်ဆန်း) က ၁၁၅၀၀၀ မှ ၁၂၀၀၀၀ ကျပ်သာရောင်းချဖို့ သတ်မှတ်ထားပါတယ်။

သတ်မှတ်စျေးထက်ပိုရောင်းချသူတွေကိုတော့ ဖမ်းဆီးအရေးယူတာတွေပြုလုပ်နေတဲ့အပြင် ဆန်ဆိုင်အရောင်းပိတ်တာတွေပါပြုလုပ်နေပါတယ်။

အဲဒီလိုအရေးယူမှုတွေလုပ်နေပေမယ့်လည်းပြင်ပဆန်စျေးကွက်မှာ ဆန်စျေးက ကျဆင်းသွားခြင်းမရှိဘဲ အနိမ့်ဆုံးဆန်တပြည်ကိုပင် ၃၈၀၀ ကျပ်ပေးနေရဆဲဖြစ်ပါတယ်။

#Voiceofmyanmar #vom #နစက #nld #ဆန်စျေးကွက် #ကွာဟမှု

Related posts

Leave a Comment

VOM News

FREE
VIEW