ရန်ကုန်မှာ ဇူလိုင်လအတွင်း ဖောက်ခွဲတိုက်ခိုက်ခံရမှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိ

 

ဩဂုတ် ၅ – ၂၀၂၄
SN (VOM)

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရန်ကုန်တိုင်းမှာ နစကစခန်း ဖောက်ခွဲတိုက်ခိုက်ခံရမှုတွေ ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခံရမှုတွေဟာ အင်းစိန်၊ ဗဟန်း၊ လသာ၊ မှော်ဘီ၊ လှိုင်သာယာ၊ မင်္ဂလာဒုံနဲ့ လှည်းကူးမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာ လို့ သိရပါတယ်။

ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဇူလိုင်လ ၆ ရက်နေ့က အင်းစိန်မြို့နယ်ရှိ အမှတ် (၁) တပ်မတော် စစ်သားစုဆောင်းရေးတပ် ပြင်းအားမြင့် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“အဲဒီည ၉ နာရီထိုးခါနီးမှာ ပေါက်ကွဲသံ နှစ်ချက် အကျယ်ကြီးပဲ ကြားလိုက်ရတယ်။ လုံခြုံရေးဂိတ်ကိုထိတာ။ အဲဒီဂိတ်မှာ စစ်သားနှစ်ယောက်၊ သုံးယောက်လောက် အမြဲတမ်းရှိတယ်” လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတယောက်က အတည်ပြုပြောဆိုပါတယ်။

ဒါအပြင် ဇူလိုင် ၁၀ ရက်နေ့လည်း ဗဟန်းမြို့နယ်၊ လင့်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့်က နစကရဲ့ယာယီကင်းတခုကို ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့၀င် နှစ်ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ကလည်း လသာမြို့နယ်၊ (၁၉) လမ်းရှိ Black House Bar အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး ဆိုင်ထဲက အမျိုးသား သုံးယောက်လောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ဇူလိုင်လ ၂၇ ရက်နေ့ကလည်း မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ချိန်ကိုက်မိုင်း သုံးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အများ အပြား ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ဇူလိုင် ၂၉ ရက်ကလည်း လှိုင်သာယာမြို့နယ်၊ ရန်ကုန် – ပုသိမ်လမ်းမကြီးပေါ်မှာ ကင်းပတ်နေတဲ့ နစကယာဥ်တန်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အဆင့်မြင့် ကားမှတ်တိုင်နဲ့ ဗိုလ်ချုပ်ကားမှတ်တိုင်ကြားမှာ ဖြစ်သွားတာ။ အလစ်အငိုက်မှာ တိုက်ခိုက်ခံလိုက်ရတာ။ လမ်းကို ချက်ချင်းပိတ်ပစ်လိုက်ပြီး စစ်ဆေးတာတွေလည်း လုပ်နေကြတာတွေ့ခဲ့ရတယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် ဇူလိုင် ၃၀ ရက်‌နေ့ကလည်း မင်္ဂလာဒုံမြို့နယ်ရှိ ခြေလျင်တပ်ရင်း – ခလရ (၈၂) အစောင့်ဂိတ်နဲ့ လှည်းကူးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းရုံးတို့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်မှုတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်က လှည်းကူးမြို့နယ် ရန်ကုန် – ပဲခူးလမ်းမပေါ်ရှိ စစ်မှုထမ်းဟောင်းရုံး တိုက်ခိုက်ခံခဲ့ရပြီး ဆက်တိုက်ဆိုသလိုပဲ ည ၇ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်မှာ မင်္ဂလာဒုံမြို့နယ်က ခလရ (၈၂) အစောင့်ဂိတ် ကင်းစခန်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြစစ်ဆင်ရေးအဖွဲ့ Operation Flame (OF) ပြုလုပ်တာဖြစ်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပြီး အဲဒီညက သုံးနေရာကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားပေမယ့် တနေရာက ပစ္စည်းချို့ယွင်းမှုကြောင့် ပြန်ဆုတ်လာခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်တိုင်း #ဇူလိုင်လ #ဖောက်ခွဲတိုက်ခိုက်ခံရမှု #ခြောက်ကြိမ်ထက်မနည်း #ဖြစ်ပွား #သေဆုံး #ထိခိုက်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW