ညောင်လေးပင်ခရိုင်အတွင်း ရေကြီးမှုကြောင့် လယ်ဧက ခြောက်သောင်းကျော် ရေနစ်မြုပ်နေ

ဩဂုတ် ၂၉ – ၂၀၂၄
SS (VOM)
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ရေကြီးမှုကြောင့် လယ်ဧက ခြောက်သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံ ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
အခု ၂၀၂၄ ခုနှစ်၊ ဇူလိုင် – ဩဂုတ်လ အကူးအပြောင်း ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးရေချိန်များပြားကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ ညောင်လေးပင်ခရိုင်လည်း ပါဝင်ခဲ့ပြီး လက်ရှိအချိန်အထိ တချို့သောနေရာတွေမှာ ရေပြန်လည်ကျဆင်းမှု မရှိသေးဘူးလို့ သိရပါတယ်။
“ဒီမှာက ရေဘေးကို ရက်ရှည်ရင်ဆိုင်နေရတဲ့ ပုံစံမျိုးဖြစ်နေတာ။ ဒီ ညောင်လေးပင်ခရိုင်မှာက ဒေသခံအများစုက လယ်ယာ စိုက်ပျိုးရေး လုပ်တဲ့သူတွေများတယ်။ စာရင်းတွေအရ ‌လယ်ဧက ပိုင်ဆိုင်တဲ့သူက ရှစ်ထောင်ကျော်ရှိတယ်။ သူတို့ရဲ့ လယ်ဧက က စုစုပေါင်းက ခြောက်သောင်း တထောင့်ခုနစ်ရာဝန်းကျင် ရှိတယ်။ အဲဒီ လယ်တွေအကုန်လုံး ရေမြုပ်ကုန်တာ” လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ရေနစ်မြုပ်မှုကြောင့် စပါးသေတဲ့ လယ်ဧကပေါင်းက လေးသောင်း ခြောက်ထောင့်ခုနစ်ရာဧက ရှိကာ လက်ရှိအချိန်ထိ ရေပြန်မကျသေးဘဲ ဆက်လက်နစ်မြုပ်နေတဲ့ လယ်စိုက်ခင်းများစွာ ရှိနေတာကြောင့် ဆုံးရှုံးလယ်ဧကစာရင်း ထပ်မံ တိုးလာနိုင်သလို လယ်မြေပိုင်ရှင်တွေသာမက အဲဒီ လယ်လုပ်ငန်းတွေကို မှီခိုနေရတဲ့ ပြည်သူ နှစ်သိန်းကျော်အတွက်လည်း အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ညောင်လေးပင်ခရိုင်အတွင်း အတွင်းမှာ အိမ်ခြေ လေးသောင်း နှစ်ထောင့်ငါးရာ လေးဆယ့်လေးအိမ်ရှိပြီး အဲဒီထဲမှာ လယ်လုပ်ကိုင်တဲ့သူတွေလည်း ပါဝင်ကာ လူဦးရေ နှစ်သိန်း နှစ်သောင်း ခြောက်ထောင့်ရှစ်ရာ ငါးဆယ့်နှစ်ယောက်က လယ်လုပ်ငန်းကို မှီခိုနေရတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ကွင်းဆင်းပြီးကြည့်တဲ့အခါမှာ တချို့အပင်တွေက ပုပ်ဆွေးကုန်ပြီ သုံးလို့မရတော့ဘူး။ တချို့က စပါးတွေသေကုန်တယ်။ တချို့က ရေမကျသေးတော့ စာရင်းကောက်လို့ မကုန်သေးဘူး။ တဝက်ကျော်က သေကုန်ပြီ။ စပါးတွေ ပျက်စီးတော့ ဒီလုပ်ငန်းကို မှီခိုနေတဲ့ သူတွေအတွက် အခက်အခဲတွေက ပိုများလာတယ်။ အခုပုံစံအတိုင်းဆို လာမယ့်နှစ်တွေမှာ အငတ်ဘေးဒုက္ခနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ မြင်တယ်” လို့ သူက ပြောပါတယ်။
ပုံမှန်အတိုင်း ဆိုရင်တော့ ဒေသခံတွေဟာ မျိုးစပါးအပို စုဆောင်းထားလေ့ရှိပေမယ့် အခုနှစ်မှာ မိုးလေဝသ မမှန်တာကြောင့် မျိုးစပါး နှစ်ကြိမ်၊ သုံးကြိမ်လောက် ကြဲခဲ့ရတဲ့အတွက် မျိုးစေ့လက်ကျန်လည်း မရှိတော့ဘူးလို့ သိရပါတယ်။
“မျိုးစပါး ပံ့ပိုးပေးမယ့်သူတွေ၊ စိုက်ပျိုးရေးသွင်းအားစုတွေ လိုအပ်နေတာပါ။ မိုးရာသီလည်း မကုန်သေးတော့ ရေပြန်ကျသွားတဲ့အခါ အချိန်မီ ပြန်ပြီး စိုက်ပျိုးတာတွေ လုပ်ချင်တယ်။ ဒါပေမယ့် လက်ထဲလည်း ဘာမှမရှိဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ ကူညီပေးမယ်ဆိုရင်တော့ အချိန်မီ စိုက်ဖို့ပျိုးဖို့အတွက် မျှော်လင့်လို့ ရနိုင်သေးတယ်။ အခုထိတော့ ဘာအကူအညီမှ မရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ လေးသိန်းသုံးသောင်းကျော် ရှိနေတဲ့ ညောင်လေးပင်ခရိုင်ရှိ မူး (မုန်း)၊ လယ်ဒို (ကျောက်ကြီး)၊ ဆောထိ (ရွှေကျင်) စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ရေလွှမ်းမိုးမှုကြောင့် စပါးခင်းတွေ ရေမြုပ် ပျက်စီးခဲ့သလို သိုလှောင်ထားတဲ့ ဆန်၊ စပါးတွေနဲ့ ထင်း မီးသွေးတွေအကုန် ရေစိုပျက်စီးခဲ့ပြီး လက်ရှိ အချိန်အထိ လုံလောက်တဲ့ အကူအညီတွေလည်း မရရှိသေးဘူးလို့ သိရပါတယ်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကိုသာ အမှီပြုနေထိုင်ရတဲ့ ပြည်သူတွေဟာ စစ်ဘေးအပြင် အခုလို လယ်မြေ ရေနစ်မြုပ်ဆုံးရှုံးမှုတွေကြောင့် လာမယ့်နှစ်တွေမှာ အငတ်ဘေးဒုက္ခနဲ့ စားနပ်ရိက္ခာအခက်အခဲ ပိုမို တိုးလာနိုင်တယ်လို့ ခရိုင်လယ်ယာနှင့် စိုက်ပျိုးရေးဌာနက ခန့်မှန်းဖော်ပြထားပါတယ်။
လက်ရှိမှာလည်း ညောင်လေးပင်ခရိုင်သာမက ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်အနီးရှိ ကျေးရွာတွေမှာ ဩဂုတ် ၂၇ ရက်နေ့မှ စတင်ကာ မြစ်ရေ ပြန်လည် တိုးလာတာကြောင့် ဒေသခံတွေ ရေဘေးထပ်မံ ကြုံတွေ့နေရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတယ်လို့ ဒေသအခြေစိုက် ပရဟိတ အဖွဲ့အစည်းတွေဆီက သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဩဂုတ် ၂၉ ရက် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ကျော်လွန် ရောက်ရှိနေပြီး နောက်တရက်အတွင်း ၃ လက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် မဒေါက်မြို့မှာလည်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၂ လက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပြီး ‌ညောင်လေးပင်ခရိုင်အတွင်းက မြို့နယ်တွေအတွက်တော့ ခန့်မှန်းချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW