အတိုးနွံထဲက ရုန်းထွက်မရသူများ



သြဂုတ် ၃၀ ၊၂၀၂၄
SN (VOM)

အကြွေးနွံနစ်တယ် ဆိုတာက တော်တော်လေး စိတ်ဖိစီးစရာကောင်းတဲ့ ကိစ္စပါ။ အချိန်နဲ့အမျှ စိတ်မသက်မသာဖြစ်ရတဲ့ အခြေနေတခု ဆိုတာ အကြွေးနွံနစ်ဖူးတဲ့လူဆိုရင်တော့ ဒါက ဘယ်လောက် စိတ်ပင်ပန်းရလဲ ဆိုတာကို ကောင်းကောင်း သိမယ်ထင်ပါတယ်။

လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၃၂ ဒသမ ၁ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဆင်းရဲမှုဒဏ် အခံရဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

မြို့ပြဒေသကြီးတွေနဲ့ ကျေးလက်တောရွာတွေမှာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် လူထုဟာ ကိုယ့်အား ကိုယ်ကိုးတဲ့စနစ်နဲ့ပဲ ကျားကန် အားတင်းနေကြရတာပါ။ အစိုးရဘက်ကတော့ အကူအညီ မရှိသလောက်ကို နည်းပါးလှပါတယ်။

ဆင်းရဲမွဲတေမှုဒဏ်ကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရတဲ့ အခြေခံလူတန်းစား ပြည်သူတချို့ဟာ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းဖို့၊ အလုပ်အကိုင်အတွက် အရင်းအနှီး ရရှိဖို့ အတိုးနှုန်း ကြီးကြီးနဲ့ ငွေချေးယူရင်း အတိုးပေါ် အတိုးဆင့်ကာ အကြွေးနွံ နစ်သထက် နစ်နေကြပါတယ်။ ဆင်းရဲလို့ အတိုးယူ၊ ငွေချေး၊ အတိုးဆပ်ရင်း ထပ်ဆင်းရဲနေကြ၊ ဒါနဲ့ပဲ သံသရာလည်နေကြတာပါ။

“အခြေခံ လက်လုပ်လက်စားတွေကတော့ စားဝတ်နေရေးအတွက် ချေးငွေယူလိုက်၊ ဆပ်လိုက်နဲ့ပေါ့။ ဒီလိုပဲ လည်ပတ်နေကြရတာပဲ။ အလုပ်ကရတဲ့ ပိုက်ဆံနဲ့ အခုခေတ် ကုန်ဈေးနှုန်းက ဘယ်လိုမှ လိုက်မမီဘူးလေ။ စားဖို့တောင် အနိုင်နိုင်။ နေထိုင်မကောင်းဖြစ်ရင်တောင် ဆေးကုဖို့ လက်ထဲ ပိုက်ဆံအပိုမရှိဘူး။ အဲဒီတော့ တခုခုဆို ငွေတိုးချေးစားတဲ့ သူတွေဆီကိုပဲ ရောက်ရတာပဲ” လို့ ဒဂုံ (အရှေ့ပိုင်း) မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

လက်ရှိ ခေတ်ကာလ အခြေအနေအရ အခြေခံ လူတန်းစားတွေဟာ စားဝတ်နေရေး ကျပ်တည်းမှုကို ပိုမို ကြုံတွေ့နေရကြရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ချေးငွေလုပ်ငန်း လုပ်ကိုင်သူတွေလည်း တစထက်တစ များလာနေပါတယ်။

အခြေခံ လက်လုပ်လက်စား သာမန်လူတန်းစားတွေဟာ လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ ငွေချေးလုပ်ငန်းတွေထက် မတ်တိုး၊ နေ့ပြန်တိုး အစရှိတဲ့ ငွေချေးပေးနေသူတွေဆီ ချေးယူမှုတွေလည်း များပြားလာကာ မြင့်မားတဲ့ အတိုးနှုန်းကို ရင်ဆိုင်လာကြရတယ်လို့ သိရပါတယ်။

“‌ပိုက်ဆံတခါ ချေးပြီးသွားရင်တော့ အဲဒီနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာ အတော်ခဲယဉ်းသွားပြီ။ အတိုးပေါ် အတိုးဆင့်ပြီး အကြွေးသံသရာထဲ လည်နေကြတော့တာပဲ။ လတိုး၊ နေ့ပြန်တိုးထက် မတ်တိုး ယူမိ‌ရင်တော့ ဆပ်ပေရော့ပဲ။ အဲဒီ မတ်တိုးကအဆိုးဆုံး။ ငွေအရင်း မပေးသရွေ့ အတိုးနေ့တိုင်းပေးရတယ်” လို့ ဒဂုံ (အရှေ့ပိုင်း) မြို့နယ်မှာ နေထိုင်တဲ့သူက ပြောပါတယ်။

ဒါအပြင် မြောက်ဒဂုံမြို့နယ်မှာ မတ်တိုးနဲ့ ငွေတသိန်းချေးရင် တရက်ကို ၁၀၀၀ ကျပ် (ဒါမှမဟုတ်) ၄၀၀၀ ကျပ် နေ့စဉ် အတိုးပြန်သွင်းရတယ်လို့ ဆိုပါတယ်။ မတ်တိုး ဆိုတာက အရင်း ပြန်မဆပ်မချင်း တရက်ချင်းကို ၄၀၀၀ ကျပ် အဆက်မပြတ် ပေးနေရတာမျိုးလို့ သိရပါတယ်။

“မတ်တိုးက ပိုက်ဆံ တသိန်းချေးပြီးရင် အဲဒီပိုက်ဆံ ပြန်မဆပ်မချင်း အတိုးပေးနေရတာ။ တနှစ် ပြန်မဆပ်နိုင်လည်း တနှစ်၊ နှစ်နှစ် ပြန်မဆပ်နိုင်လည်း နှစ်နှစ်ပေါ့။ ပြန်မဆပ်မချင်း နေ့တိုင်း အတိုးပေးသွားရတာ။ တချို့ဆို ပိုက်ဆံ တသိန်းချေးပြီး အရင်း လုံးဝ ပြန်မဆပ်နိုင်တဲ့သူတွေ ရှိတယ်။ တသိန်းလောက်ကိုတောင် ပြန်မဆပ်နိုင်ဘူးလား မမေးနဲ့။ အဲဒီ တသိန်းရဖို့၊ စုမိဖို့တောင် ခက်ခဲနေကြတဲ့သူတွေ ရှိတယ်။ အတိုးတွေလည်း ပေးရတာများလာ၊ အရင်းလည်း ပြန်မဆပ်နိုင်လို့ နေစရာအိမ် မရှိတော့ဘဲ ဘဝပျက်သွားတဲ့သူတွေ၊ မိသားစု ကိုထားပြီး ထွက်ပြေးသွားရလို့ မိသားစုတကွဲတပြားနဲ့ နေနေကြရတဲ့သူတွေလည်း အများကြီးရှိတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အတိုးနဲ့ ငွေချေးရာမှာ နေ့သွင်း၊ မတ်တိုး၊ ကျပ်တိုး၊ ရက်သွင်း၊ လသွင်း အစရှိတဲ့ ပုံစံတွေနဲ့ ငွေချေးကြရတယ်လို့ သိရပါတယ်။ နေ့သွင်းဆိုတာက ၂၀ တိုးရှိလည်းရှိပြီး ကျပ် တသိန်းကို နှစ်သောင်းပေးရကာ အဲဒီ နှစ်သောင်းကို ၂၄ ရက်နဲ့ အပြတ်သွင်းရတယ်လို့ ဆိုပါတယ်။

လတိုးကတော့ တသိန်းကို နှစ်သောင်းပေးရပြီး အဲဒါက တလတခါမှသာ နှစ်သောင်းစီ ပေးသွားရုံပဲဖြစ်ကာ အရင်းမကျေဘူးလို့ သိရပါတယ်။ နေ့သွင်း ၂၄ ရက်၊ ၂၀ တိုးကတော့ ၂၄ ရက်နဲ့ ပိုက်ဆံ အရင်း တသိန်းလည်းကျေပြီး အတိုး နှစ်သောင်းလည်း ပေးပြီးသားဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဒါအပြင် ၃၀ တိုးလည်းရှိပြီး သူကတော့ တသိန်းယူရင် သုံးသောင်းပေးရကာ ၂၆ ရက် သွင်းရတယ်လို့ သိရပါတယ်။ ၂၆ ရက်နဲ့ အရင်း တသိန်းလည်းကျေသလို အတိုး သုံးသောင်းဝင်ကာ လတိုးဆိုရင်တော့ အဲဒီ တသိန်းက အရင်း မကျေတော့ဘဲ အတိုးသာ ဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့သူဆီမှာ အိမ်ဂရံကို ၁၀ တိုးနဲ့ပေါင်ပြီး ပြန်မရွေးနိုင်လို့ အိမ်ရောင်းပြီး ဂရံပြန်ရွေးရတဲ့သူတွေလည်း ရှိတယ်။ အဲဒီလူတွေကတော့ ကိုယ်ပိုင်အိမ်ကနေ ကျူးကျော်ရပ်ကွက်ထဲ ရောက်သွားပြီး အိမ်ငှားနေနေရတဲ့အထိကို ဘဝ ပျက်သွားကြတာ” လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

ကိုဗစ် (၁၉) ကပ်ရောဂါကြောင့် ခက်ခဲ ကြပ်တည်းနေရမှုတွေ၊ အလုပ်အကိုင် ဆုံးရှုံး၊ အဆင်မပြေရမှုတွေဟာ နိုင်ငံရေးအခြေအနေကြောင့် ပိုပြီး ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အခြေခံလူတန်းစားတွေရဲ့ အားထားရာဟာ ရပ်ကွက်ထဲက ငွေကိုအတိုးနဲ့ ချေးပေးနေတဲ့သူတွေ၊ လိုင်စင်ရ အပေါင်ဆိုင်တွေပဲ ဖြစ်ပါတယ်။

တရားဝင်လိုင်စင်ရ အပေါင်ဆိုင်တွေမှာ ငွေ ၁၀၀ ကို အထည်နဲ့ တခြားပစ္စည်းဆိုရင် တလ ခုနစ်ကျပ်တိုး၊ ရွှေပေါင်မယ်ဆိုရင်တော့ ငွေကျပ် ၁၀၀ ကို တလ သုံးကျပ်တိုးပေးရပါတယ်။ လက်ရှိမှာတော့ အပေါင်ဆိုင်တွေမှာလည်း လူတွေ စည်ကားနေသလို အပေါင်ဆိုင်လုပ်ငန်းတွေဟာလည်း ကြီးထွားလာနေပါတယ်။

ငွေကြေးချေးငှားရာမှာ တရားဝင်ငွေကြေးချေးငှားတာနဲ့ တရားမဝင် ငွေချေးတာဆိုပြီး နှစ်မျိုးရှိပြီး တရားဝင်ငွေတိုးချေးတဲ့ လုပ်ငန်းဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်က ငွေချေးလုပ်ငန်းတွေ၊ စည်ပင်သာယာရေးကော်မတီမှာ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက အပေါင်ဆိုင်တွေသာဖြစ်တယ်လို့ သိရပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အတိုးနဲ့ ငွေချေးတာကတော့ တရားမဝင်ဘူးလို့ သိရပါတယ်။

၁၉၄၅ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ The Money-Lender Act ဥပဒေ ပုဒ်မ – ၂၊ ပုဒ်မခွဲ (က) အရ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ဖော်ပြချက်မှာ အသေးစာချေးငွေ ထုတ်ပေးခြင်းလုပ်ငန်း ပါဝင်ပေမယ့် ဥပဒေပုဒ်မ – ၅၄ မှာတော့ လုပ်ပိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မရှိဘူးလို့ တားမြစ်ထားပါတယ်။ အဲဒီတားမြစ်ချက်ကို လိုက်နာဖို့ ပျက်ကွက်ရင်တော့ ပုဒ်မ – ၅၇ အရ အရေးယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ၁၉၄၅ ခုနှစ်၊ ငွေတိုးချစားသူများ အက်ဥပဒေကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှာ ဖျက်သိမ်းခဲ့ပြီး ၁၉၆၂ ငွေတိုးချစားသူများအက်ဥပဒေကို အစားထိုးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၉၄၅ အက်ဥပဒေကသာ အသက်ဝင်နေတာကြောင့် ၁၉၆၂ ငွေတိုးချစားသူများဥပဒေကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကောင်စီက ဥပဒေအမှတ် ၄/၁၉၉၄ နဲ့ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ The Money – Lender Act ဥပဒေကသာ အသက်ဝင်သေးတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဘယ်လိုပဲ အရေးယူလို့ရတယ် ဆိုသော်ငြားလည်း နိုင်ငံတွင်း ပဋိပက္ခ အခြေအနေ၊ ကုန်ဈေးနှုန်းတွေ တရှိန်ထိုးတက်နေတဲ့ကာလမှာ တကိုယ်စာ စီးပွားဖြစ် ငွေတိုးအများကြီးယူတဲ့ ချေးငွေလုပ်ငန်းတွေဟာ ကြီးထွားလာနေဆဲ ဖြစ်ပါတယ်။ အတိုးနှုန်းတွေကို အမှုမထားနိုင်တဲ့ ချေးငွေပေးသူနဲ့ ငွေချေးရသူတွေရဲ့ကြား အပေးအယူတည့်နေဆဲဖြစ်တဲ့ မြင်ကွင်းတွေကတော့ မပြောင်းလဲသေးတဲ့ ပတ်ဝန်းကျင်တခုအဖြစ်နဲ့သာ လက်ရှိအချိန်အထိ ရှိနေဆဲပါ။

ဘ၀ ရှင်သန်ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတာမို့ အတိုးသံသရာနဲ့ ဆင်းရဲမွဲတေမှု စက်ဝန်းက အလွယ်တကူ လွတ်မြောက်ဖို့ ဆိုတာကတော့ လက်ရှိ နိုင်ငံရဲ့ ဖြစ်တည်မှု အခြေအနေအရ ဘယ်လိုမှ မဖြစ်နိုင်သေးတာ အသေအချာပဲမို့ လှုပ်လေနစ်လေ အတိုးနွံထဲက ရုန်းမထွက်နိုင်ကြသူတွေဟာလည်း အများအပြား ရှိနေကြ‌ဆဲ ဖြစ်ပါတယ်။ ။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW