အမြန်လမ်းမှာ Express ယာဉ်တစီး တိမ်းမှောက်လို့ တယောက်သေပြီး ကိုးယောက် ဒဏ်ရာရ

စက်တင်ဘာ ၂ – ၂၀၂၄
SS (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက် ၅ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က Express ယာဉ်တစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး တယောက်သေဆုံးကာ ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၁၁/၆) ဖာလုံမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ရှစ်ယောက်၊ အမျိုးသမီး ၁၇ ယောက်၊ စုစုပေါင်း ၂၅ ယောက်အနက် အမျိုးသား တယောက် သေဆုံးခဲ့ကာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး ခုနစ်ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
“ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ တော်ဝင်ထွန်း Express ယာဉ် တိမ်းမှောက်တာပါ။ ယာဉ်မောင်း အိပ်ငိုက်ပြီးတော့ ဘေးကို တစောင်းအနေအထားနဲ့ လဲပြီး တိမ်းမှောက်သွားတာ။ သေဆုံးသွားတဲ့သူကလည်း အဲဒီ ယာဉ်မောင်းပါပဲ” လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာကို ပြင်စည် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ သန္ဓေမီးတပ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာ ရရှိသူတွေကို ဟိန္ဒူမျိုးဆက်သစ် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်နဲ့ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီး၊ ဆွာမြို့လမ်းပိုင်း၊ မိုင်တိုင်အမှတ် (၁၇၁/၀) အနီးမှာ ယာဉ်မောင်း အိပ်ငိုက်မှုကြောင့် ယာဉ်တစီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
အဲဒီလိုပဲ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ယာဉ်မောင်း အိပ်ငိုက်မှုကြောင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃၁/၀) မှာ ယာဉ်မတော်တဆမှုတခု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
အခုလို ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “ယာဉ်မောင်းတွေ မပေါ့ဆဖို့၊ သတိဝီရိယထားပြီး မောင်းဖို့ပြောချင်ပါတယ်။ အခုနောက်ပိုင်းမှာ ယာဉ်မောင်း အိပ်ငိုက်ပြီးတော့ အရှိန်လွန် တိမ်းမှောက်တာတွေ များလာတယ်။ ပြီးတော့ ဒီ Express ကြီးတွေရဲ့ ယာဉ်မောင်းက တယောက်မက‌ဘူး၊ နှစ်ယောက်လောက် ထားရတာလေ။ တတ်နိုင်ရင်တော့ ကိုယ်ပင်ပန်းနေတဲ့အချိန်မှာ အပိုယာဉ်မောင်းနဲ့ ချက်ချင်းလူပြောင်းပြီး မောင်းတာ အကောင်းဆုံးပဲ။ Express မဟုတ်ဘဲ ကျန်တဲ့ကားတွေဆိုလို့ရှိရင်လည်း ယာဉ်မောင်းအိပ်ငိုက်လာရင် လမ်းဘေးမှာ၊ ဆိုင်တွေမှာ၊ ကားဝင်းတွေမှာ ခဏနားပြီးတော့မှပဲ ပြန်မောင်းသင့်တယ်လို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။
ခရီးဝေးသွားလာမယ့် ယာဉ်မောင်းတွေအနေနဲ့ နေ့လယ်စာ ထမင်းစားပြီးချိန် အိပ်ငိုက်တတ်တဲ့ အချိန်တွေမှာ ကားမောင်းခြင်းကို ရှောင်ကြဉ်သင့်ပြီး ထမင်းစားပြီးချိန်မှာ ခဏတဖြုတ် တမှေးလောက် အိပ်စက်သင့်တယ်လို့ သိရပါတယ်။
ညပိုင်းအချိန် ခရီးဝေးကား မောင်းရတဲ့အခါ ညဉ့်နက်သန်းခေါင်ယံအချိန်နဲ့ အရုဏ်တက်ချိန်တွေမှာ အိပ်ငိုက်တတ်တာကြောင့် ကြိုတင် သတိပြုဆင်ခြင်သင့်သလို တချို့သော ဆေးဝါးတွေကြောင့် ယာဉ်မောင်းတွေ အိပ်ငိုက်သွားတတ်တဲ့အတွက် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဆေးဝါးတွေကိုလည်း သတိပြု သောက်သုံးသင့်တယ်လို့ သိရပါတယ်။
ညပိုင်း ခရီးဝေးကားမောင်းတဲ့အခါ အဖော်မပါဘဲ တယောက်တည်း မမောင်းသင့်ဘဲ ဘေးက အဖော်လိုက်ပေးသူနဲ့ စကားပြောရင်း မောင်းနှင်ပါက အိပ်ချင်စိတ်ပြေနိုင်ပြီး ခရီးမိုင် (၁ဝဝ-၁၂ဝ) လောက် မောင်းပြီးတိုင်း ခေတ္တအနားယူကာ ကော်ဖီသောက်တာ (ဒါမှမဟုတ်) သစ်သီးတခုခုစားတာမျိုး ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။
ကားထဲမှာ အချိန်ကြာကြာထိုင်နေရတာကြောင့် အညောင်းအညာပြေစေဖို့ ကားပေါ်ကဆင်းပြီး လမ်းလျှောက်ကာ ခြေလက် လေ့ကျင့်ခန်း လုပ်ပေးရမှာဖြစ်သလို ယာဉ်ရပ်နားစခန်းတွေမှာ ခရီးတထောက်နားပြီး အဆာပြေတခုခု စားတဲ့အခါမှာလည်း အချိုအဆိမ့်ပါတဲ့ အစားအစာ၊ အဆီများတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်သလို အရက်၊ ဘီယာသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW