ကလောမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ရှိနေ

စက်တင်ဘာ ၁၂ – ၂၀၂၄
SN (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့မှာ ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ရှိနေ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျက်ရှိတာမှာ ရပ်ကွက်အများအပြား ရေနစ်မြုပ်နေပြီး မနေ့ စက်တင်ဘာ ၁၁ ရက်မှာတော့ ကလောမြို့အဝင်က ဆိုင်တွေအထိပါ ရေရောက်ရှိလာကာ မြေပြိုကျမှုတွေပါ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ကလောအဝင်မှာ မြစ်ကမ်းပါးတွေ ရှိတယ်လေ။ အဲဒီ မြစ်ကမ်းပါးတွေ ပြိုကျပြီးတော့ အိမ်တွေ၊ ဆိုင်တွေ ပြိုသွားတာ။ လူအသေအပျောက်လည်း ရှိတယ်။ ဒါပေမယ့် လူဘယ်လောက် သေဆုံးတယ်ဆိုတာက အတိအကျတော့ ပြောလို့မရသေးဘူး။ ဆက်သွယ်ရေး တာဝါတိုင်တွေလည်း ကျိုးကျတာတွေရှိတော့ အဲဒီဘက်တွေနဲ့ ဖုန်းအဆက်အသွယ်ရဖို့က မလွယ်ဘူးဖြစ်နေတယ်” လို့ ကလောဒေသခံက ပြောပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ တချို့နေရာတွေမှာ ရေကြီးမှုကြောင့် ဆက်သွယ်ရေး တာဝါတိုင်တွေ ကျိုးကျနေပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေကာ တနေရာနဲ့တနေရာ အဆက်အသွယ်ရရှိဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ဖုန်းက ရတချက်၊ မရတချက်ဖြစ်နေတယ်။ ရရင်လည်း ခဏလောက်ပဲ၊ လိုင်းလည်း သိပ်မကြည်ဘူး။ တာဝါတိုင်တွေ ကျိုးနေတော့ ဆက်သွယ်ရေးက တာဝန်ရှိတဲ့သူတွေရဲ့ ဖုန်းတွေတောင်ခေါ်မရဘူး။ နောက်တခုက တောင်ကြီးဘက်ကလူတွေက ကလောကိုဆင်းပြီး ကူညီဖို့လုပ်တော့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ရွှေညောင်မှာတင် သူတို့ကို ပြန်လွှတ်တယ်တဲ့။ ရေကျော်နေလို့ပါတဲ့။ ရေတွေက လမ်းပေါ်ကိုကျော်နေတော့ ကားတွေသွားလို့မရတာပေါ့။ အဲဒီတော့ အကူအညီလုံလုံလောက်လောက် ရဖို့ကလည်း ခက်နေတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့၊ ညပိုင်းက ကလောက တချို့နေရာတွေမှာ ရေအနည်းငယ် ကျဆင်းခဲ့တာရှိပေမယ့် မိုးပြန်သည်းလာတာကြောင့် ရေတွေ ထပ်မံ မြင့်တက်လာပြီး အိမ်အတွင်း ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ကူညီပေးမယ့် အဖွဲ့တွေကလည်း မလောက်ငှတော့ ကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် မလုပ်နိုင်ကြသေးဘူး။ ထမင်းထုပ်တွေလည်း မဝေနိုင်ဘူး။ ကလောမြို့မဈေး အရှေ့နားလောက်အထိကို ရေတက်နေသေးတယ်ဆိုရင် ရပ်ကွက် (၃) တို့ ရပ်ကွက် (၄) တို့မှာလည်း ရေမြုပ်နေလောက်တယ်။ အဲဒီဘက်မှာ အိမ်အပုလေးတွေ တော်တော်များတယ်။ လူတော်တော်များများလည်း ပိတ်မိနေကြတယ်။ လူအသေအပျောက်လည်း များတယ်ပြောတယ်။ အဲဒီဘက်တွေနဲ့ ဖုန်းအဆက်အသွယ်ကလည်း တောင်မင်းကြီး ခုံပြာပေါ်ကို တက်ပြောရတာဆိုတော့ အဲဒီအချိန်လေးပဲ ဖုန်းလိုင်းခဏပဲမိတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကလောက အင်းပြင်၊ ရွှေပလ္လင်ဘက်တွေ ရေမမြုပ်သေးပေမယ့် အင်းပြင် ဘုန်းကြီးကျောင်းဘက်မှာတော့ ရေကျော်နေပြီး ဦးသောင်းရွှေ ကုန်းဘက်တွေမှာတော့ ကားအတက်၊ အဆင်း မရသေးဘဲ အောက်ဆင်းမယ့် ကုန်ကားကြီး၊ ကားလေးတွေ ပိတ်မိနေကာ ဆီမပါတဲ့ ဆီဘောက်ဆာကားတစီး မျောပါသွားပါတယ်လို့လည်း သိရပါတယ်။
ဒါအပြင် ကလော ပလောင်စျေး နေရာမှာလည်း ရေကျော်နေပြီး ကလော အနီးစခန်း နှစ်ထပ်လမ်း အောက်ဘက် တထပ်အိမ်တွေဆိုရင် ရေအကုန်မြုပ်ကုန်တယ်လို့ သိရပါတယ်။
“ပိတ်မိနေတဲ့သူတွေကို အမြန်ဆုံး ကူညီကယ်ဆယ်ပေးစေချင်ပါတယ်။ ကလောက ရာသီဥတုကလည်း အရမ်းအေးတယ်လေ။ တက်လာမယ့် ရေတွေဆိုတာကလည်း တော်တော်ကိုအေးခဲမှာဆိုတော့ ခေါင်မိုးပေါ်မှာ၊ ရေလွတ်ရာနေရာတွေမှာ တက်နေနေရတဲ့သူတွေအတွက်က တော်တော်ကို ဒုက္ခများပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ကလောမြို့အနီးက ကားလမ်းတွေလည်း စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်ကာ ရေကျော်နေပြီး ကလောနဲ့ ဘုရားငါးဆူကြားမှာ မြေပြိုကျမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဘုရားငါးဆူနဲ့ အမြန်လမ်းကို ဆက်သွယ်ထားတဲ့ ကားလမ်း ရေကျော်နေတာမှာ ရေတိုက်စားမှုကြောင့် လမ်းတွေ ပျက်စီးနေတဲ့အတွက် ပျော်ဘွယ်မြို့အနီး ပိတ်မိနေတဲ့ လိုင်းကားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် တောင်ကြီးနဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ ရွာငံ – ဟံမြင့်မိုရ် ကားလမ်းပိုင်းမှာလည်း ရေကြီးမှုကြောင့် လမ်းပိုင်းတချို့ ပျက်စီးနေပြီး ကားတွေ သွားလာလို့မရ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW