ဆင်သေချောင်း မိုးများပြီး ရေစီးသန်မှုကြောင့် သိုက်ချောင်းတံတား ကျိုးကျ

စက်တင်ဘာ ၁၂ – ၂၀၂၄
SS (VOM)
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်က ဆင်သေချောင်းအတွင်း မိုးများပြီး ရေစီးသန်မှုကြောင့် အဲဒီချောင်းကို ဖြတ်ကူးတဲ့ သိုက်ချောင်းတံတား ကျိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ သိုက်ချောင်းတံတားဟာ နေပြည်တော် ပုဗ္ဗသီရိဘက်ကနေ ရန်ကုန် – မန္တလေး လမ်းဟောင်းကို သွားတဲ့လမ်းပေါ်မှာ တည်ရှိပြီး လက်ရှိမှာ တံတားကျိုးကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ သိရပါတယ်။
“တံတားက အဆက်ကနေ ကျိုးကျသွားတာ။ တံတားကျိုးသွားတဲ့အတွက် ဘယ်ယာဥ်မှလည်း သွားလို့မရတော့ပါဘူး။ မိုးကလည်း ရွာနေတုန်းဆိုတော့ ဆည်တွေကလည်း ရေမနိုင်တော့ ဖွင့်ချထားတာတွေရှိတယ်။ အဲဒါကြောင့် ဆင်သေချောင်းမှာ ရေစီးကလည်း တအားသန်နေတယ်။ ရေစီးဆင်းမှု ရပ်သွားမှပဲ တံတား ပြင်ဆင်ရေးတွေ ဆောင်ရွက်နိုင်တော့မှာပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လတ်တလောသတင်းတွေအရ မိုးများပြီးရေ ကြီးရေလျှံမှုတွေကြောင့် ကင်းသာဆည်ကျိုး၊ ၀ဲကြီးတံတားကျိုး၊ ဆင်သချောင်းတံတားကျိုးနဲ့ သိုက်ချောင်းတံတားကျိုး စတဲ့ ဖြစ်စဥ်တွေ ဖြစ်ပေါ်နေတဲ့အပြင် ရာဇဌာနေလမ်း ရေတက်လာတာကြောင့်လည်း ကားကွင်းထဲ ရေပြည့်‌နေပြီး သွားမရဖြစ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် နေပြည်တော် ပေါင်းလောင်းဆည်အတွင်းမှာလည်း မိုးရေကြောင့် ရေတွေပြည့်လျှံလာတဲ့အတွက် ထိန်းမနိုင်တော့ဘဲ ရေ ၆ ပေကျော်ခန့် ကျော်ကျနေသလို ငလိုက်ရေလှောင်တမံမှာလည်း ကန်ရေပြည့်အမှတ်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ရေတွေ ဖောက်ချဖို့ရှိနေတယ်လို့ သိရပါတယ်။
ရေဆင်းဆည်မှာတော့ ကန်ရေပြည့်အမှတ်ရောက်ဖို့ ၇ ပေခန့်၊ ဆင်သေတမံမှာ ကန်ရေပြည့်အမှတ်ရောက်ဖို့ ၁၉ ပေခန့်၊ တောက်ပြိုတမံနဲ့ မဒန်းတမံတို့မှာ ကန်ရေပြည့်အမှတ်ရောက်ဖို့ ၁၁ ပေကျော်၊ မြို့လှတမံမှာ ကန်ရေပြည့်ဖို့ ၁၃ ပေကျော်၊ ချောင်းမငယ်တမံမှာ ကန်ရေပြည့်ဖို့ ၅ ပေကျော်၊ ဖောင်းလောင်တမံနဲ့ သဲဖြူတမံတို့မှာ ကန်ရေပြည့်ဖို့ ၃ ပေကျော်၊ မုန်းချောင်းတမံမှာ ကန်ရေပြည့်ဖို့ ၂ ပေလောက် လိုသေးနေသေးတယ်လို့ သိရပါတယ်။
လက်ရှိ နေပြည်တော်က နေရာအတော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာမှာ ဇေယျာသီရိမြို့နယ် ညောင်ပင်ကြီးရွာ၊ တပ်ကုန်းမြို့နယ်၊ ကြို့ကုန်းကျေးရွာနဲ့ ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ၊ ရှမ်းတဲကုန်းရပ်ကွက်တွေမှာ ရေအလွန်ကြီးနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပေမယ့် ကယ်ဆယ်ရေးတွေ ရောက်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဇေယျာသီရီမြို့နယ်၊ စည်ပင်အုပ်စု၊ ပျဉ်းမနားသကြားစက် မြောက်ဘက် ညောင်ပင်ကြီးရွာ တရွာလုံး ရေနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေသလို ကျွဲ၊ နွားတွေလည်း ရေထဲ မျောပါသွားပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အလားတူ တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာမှာလည်း မနေ့ စက်တင်ဘာ ၁၁ ရက်မှစတင်ပြီး ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့အထိ ရေတွေ ဆက်လက် မြင့်တက်နေတဲ့အတွက် ဒေသခံတွေ ပိတ်မိနေပြီး ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ နေပြည်တော်အတွင်း ရေကြီးမှုကြောင့် ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရာမှာ လူ ၁၀၀၀ ကျော် တွေ့ရှိ ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။
နေပြည်တော် ပျဉ်းမနား၊ တပ်ကုန်းမြို့နယ်၊ ကုတင် (၁၀၀)၊ ဓမ္မရိပ်သာ၊ ဘိုးဘွားရိပ်သာ၊ ဘောဂသီရိ ကားကြီးဝင်းအပါအဝင် ‌ကျေးရွာ နှစ်ဆယ်ကျော်မှ လူဦးရေ ၁၁၅၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီလူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် လူသေဆုံးရာမှာ တပ်ကုန်းမြို့ရှိ ကားဝပ်ရှော့တခုမှာ လူသေအလောင်း လေးလောင်း တွေ့ရှိရပြီး အဲဒီမြို့က တချို့‌နေရာတွေမှာ ရေအနည်းငယ်ပြန်ကျလျက်ရှိကာ လူသေဆုံးမှု၊ ပျောက်ဆုံးမှုကို ရှာဖွေရေးကယ်ဆယ်ရေးလုပ်မှ ထပ်မံ သိရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် လူမှုကူညီရေး အဖွဲ့တဖွဲ့ကလည်း ဒီကနေ့ မနက်ပိုင်း ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တာမှာ သစ်ပင်ပေါ် နာရီ ၂၀ နီးပါး ရောက်ရှိနေခဲ့ရတဲ့ ကလေးငယ်တချို့အပါအဝင် လူ ၃၄ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေရာကို လူမှုကူညီ‌ရေးအဖွဲ့က ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ သွားရောက်နိုင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ခဲ့တာဖြစ်ကာ ၃၅ ယောက်အနက် တယောက်ကတော့ သေဆုံးပြီး ရုပ်အလောင်းကိုသာ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၂ ရက်၊ မနက်ပိုင်းမှာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ရေအနည်းငယ်ပြန်ကျတဲ့ နေရာတွေ ရှိနေပေမယ့်လည်း နေအိမ်တွေအတွင်း ပိတ်မိနေလို့ အရေးပေါ် လာရောက်ကယ်ဆယ်ဖို့ အကူအညီ တောင်းခံမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW