စက်တင်ဘာ ၁၆၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ပေါ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ အထိ ရရှိထားတဲ့ စားရင်းတွေအရ ပြိုကျ ပျက်စီး ရေမျောပါ သွားတဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ရေနစ်မြုပ် အိမ်ခြေ ၅၀၀ ကျော်ရှိကြောင်း ကလော ကြက်ခြေနီအသင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“ပြိုကျတဲ့ အိမ်၊ ပျက်စီးပြိုကျ ပေါ့နော်။ ပြိုကျတာကတော့ လူဦးရေနဲ့ တွက်မယ်ဆိုရင်တော့ ၉၈၂ ပေါ့။ အိမ်ထောင်စု ၂၇၂ စု၊ အိမ်အလုံးရေက ၂၃၄ ပေါ့။ ကျနော်တို့ အကုန်လုံး မနေ့က စစ်တမ်းကောက်တာ အဲဒီလောက် ရှိပါတယ်။ ပြိုကျတာဆိုရင်တော့ မျောပါတာနဲ့ အတူတူပဲ ဖြစ်သွားပြီပေါ့။ အလုံးလိုက်ကြီး ကျွတ်ပါသွားတာကို ပျက်စီး ပြိုကျထဲမှာပဲ ကျွန်တော်တို့ ထည့်ထားလိုက်တာ ဟုတ်တယ်။” လို့ ကလော ကြက်ခြေနီ အသင်း ဥက္ကဌ ဦးလှဝင်းက VOM ကိုပြောပါတယ်။
ပစ္စည်း ပျက်စီး ဆုံးရှုံးမှု ဒေတာကြီးကိုတော့ တွက်ချက်ဖို့ မလွယ်ပေမယ့် လောလောဆယ် စာရင်းတွေ ကောက်နေတုန်းဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဘာမှ မပျက်စီးပဲ ရေနစ်မြုပ်တာတော့ အိမ်ခြေကတော့ ၅၇၈ လုံးပေါ့။ အိမ်တော့ ဘာမှ မဖြစ်ဘူး၊ အထဲက ပစ္စည်းတွေ ပျက်စီးမှာပေါ့။” လို့ သူက ရှင်းပြပါတယ်။
မနေ့ညနေပိုင်းအထိတော့ သေတာ ပျောက်တာ ထပ်တိုး မရှိပဲ စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းရထားတဲ့ စာရင်းအတိုင်း သေဆုံးသူ ၁၃ ယောက်ပဲ ရှိတယ်လို့ သူက ပြောပါတယ်။
လောလောဆယ် စားဖို့ သောက်ဖို့ နဲ့ ကျန်းမာရေး အတွက် အဆင်ပြေနေပြီး ပြန်လည်ထူထောင် ရေးအတွက် လိုအပ်နေတာတွေ ရှိနေကာ နေအိမ် ပျက်စီးသွား ပေမယ့် ပြန်လိုသူတွေ အတွက် အရေးပေါ် တဲ မိုးကာ လိုအပ်နေတယ်၊ သန့်ရှင်းရေးတွေလည်း ဝိုင်းဝန်း လုပ်နေတယ်လို့ ဆိုပါတယ်။
“အဓိက လိုအပ်တာက အဝတ်အထည်အဟောင်းတွေ ရောက်နေပေမယ့် အသစ် ဒါမှ မဟုတ် အကောင်းတွေတော့ လိုအပ်ပါတယ်။ စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး တွေလိုအပ်ပါတယ်။ ချက်ပြုတ် စားသောက်ဖို့ အိုး၊ ခွက် လိုအပ်ပါတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိ အစာ အခြောက်အခြမ်း၊ ကျန်မာရေး အတွက် ဆေးဝါးတွေ လုံလောက်နေဆဲ ဖြစ်ပြီး ရေကိသွားပေမယ့် ရေနစ်သွားတဲ့ အိမ်တွေမှာလည်း ရွှံ့နွံ တွေ အပြည့် ဖြစ်နေလို့ ရေဘေးရှောင် နေကြရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW