တောင်ကြီးမှာ သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းသွက်



အောက်တိုဘာ ၁၂၊ ၂၀၂၄
ZY(VOM)

ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ နေရပ်ရွေ့ပြောင်းနေထိုင်လာကြသူ(စစ်ဘေးရှောင်)တွေ များပြား လာတာကြောင့် အောက်တိုဘာလ အစပိုင်းကနေ ဒီကနေ့အထိ သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းသွက်နေတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့တွင်းမှာ အရောင်းအဝယ်မရှိသလောက် အေးစက်နေပေမယ့် ကံကြီးရပ်ကွက် တောင်ဘက်ရှိ ပန်သခွား၊ ညို့မီးစတဲ့ ဒေသတွေက ကျပ်သိန်း ၃၀၀မှ ၅၀၀ကြားတန်ဖိုးရှိ မြေကွက်တွေ အရောင်းအဝယ် သွက်နေတယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်လာကြတဲ့အချိန်မှာ တချို့က ပိုက်ဆံတွေကိုင်ပြီး ပြေးလာကြတဲ့သူတွေလည်း များတယ်။ မြို့တွင်းမှာ ငှားနေကြတဲ့သူတွေကော၊ ဝယ်နေကြတဲ့သူတွေကော များလာတဲ့အခါကြတော့ ဈေးတွေက တက်ကုန်ကြတယ်။ ဒီတော့ မြို့ပြင်ဖက်မှာ ခြံကို သိန်း ၃၀၀၊ ၄၀၀နဲ့ဝယ်ပြီး အိမ်ဆောက်မယ်ဆိုရင် သိန်း ၇၀၀၊ ၈၀၀လောက်ပဲကုန်တော့ ပန်သခွား၊ ညို့မီးဖက်က အဝယ်လိုက်နေတယ်။ တောင်ကြီးမှာကလည်း မြို့တောင်ဖက်ကိုပဲ ချဲ့ဖို့ရှိတော့တာဆိုတော့ အဲဒီဖက်ကိုပဲ အဝယ်လိုက်နေကြတာ”လို့ ရွှေမိုးရတီ အိမ်ခြံမြေ အကျိုးဆောင်(တောင်ကြီး)မှ မနန်းရတီစံက VOMကို ပြောပါတယ်။

တောင်ကြီးမြို့တွင်းအိမ်ခြံမြေဈေးကွက်မှာတော့ ရောင်းလိုသူနည်းပါးနေတဲ့အတွက် ဈေးမြင့်တက်နေပြီး တစ်ထပ်၊ အကျယ်ပေ ၆၀×၇၀ဝန်းကျင်၊ အသင့်အတင့်နေထိုင်နိုင်မယ့် အိမ်တလုံးကို ကျပ်သိန်း ၃၅၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး အမြင့်ဆုံးဈေးတွေအနေနဲ့ ကျပ်သိန်း ၁၅၀၀၀ကနေ ၁၇၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

“တချို့ကလည်း ရှိတာအကုန်ရောင်းချပြီး ဒီမှာလာနေကြတော့ မြေတွေဝယ်ပြီး ရင်းနှီးမြှုပ်နှံကြတာ ရှိတယ်။ လမ်းသာနေရာကောင်းဆိုရင်တော့ ဝယ်ဖို့ အသင့်စောင့်နေတဲ့သူတွေရှိတယ်။ တန်ရင်ဝယ်ထားတယ် အဲဒီလိုပေါ့။ ရောင်းမယ့်သူတွေကလဲ ရောင်းပြီး ပြန်ဝယ်ရင် မမီတော့ဘူးဆိုပြီး မရောင်းကြတာတွေလဲရှိတယ် အမျိုးမျိုးပါပဲ။ အခုက စစ်ဘေးကြောင့် ပြေးလာကြသူတွေ အတော်များလာတော့ တောင်ကြီးရဲ့ လူဦးရေက သုံးဆလောက် ရှိလာပြီလေ”လို့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်သူ မဆုဆုစံက VOMကို ပြောပါတယ်။

တောင်ကြီးမြို့တွင်းမှာတော့ ဆီဆိုင်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်တွေ လာရောက်နေထိုင်ကြတာ များပြားလာတာကြောင့် အိမ်အငှားဈေးကွက်လည်း မြင့်တက်လာနေပြီး ကျပ် တသိန်းခွဲဝန်းကျင်ကနေ ကျပ် လေးသိန်းဝန်းကျင်တန်ဖိုးရှိ အိမ်ငှားလိုသူတွေ များပြားလာနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW