အောက်တိုဘာ ၁၂၊ ၂၀၂၄
ZY(VOM)
မိုးသည်းထန်ရွာစွာသွန်းပြီး ရေကြီးရေလျှံမှု၊ နေအိမ်တွေ ရေနစ်မြှုပ်မှု၊ စိုက်ခင်းတွေ ရေနစ်မြှုပ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ တလအတွင်း ခရမ်းချဉ်သီးဈေး ၁၅ဆကျော် ရုတ်တရက်ပြန်လည်မြင့်တက်လာတယ်လို့ ဒေသခံတောင်သူတွေထံကနေ သိရပါတယ်။
အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က စတင်ပြီး အဆိုးရွားဆုံး ရေကြီးမှု၊ မြေပြိုမှု၊ ရေနစ်မြှုပ်မှုဖြစ်ပွားပြီးနောက် ခရမ်းချဉ်သီး စိုက်ခင်းဧကပေါင်း ၂၀၀၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အခုလို စျေးပြန်တက်လာတာလို့ သိရပါတယ်။
“ရေဘေးဖြစ်တော့ ခရမ်းချဉ်သီးတွေက ရောင်းဖို့ကို အသာထားအုံး၊ အိမ်ထဲမှာ ပုပ်ပွနေလို့ ရေထဲလွှင့်ပစ် လိုက်ရတယ်။ ရေဘေးမဖြစ်ခင်ကတည်းက ဈေးက ကျနေတာ၊ ရေဘေးဖြစ်တော့ ပိုဆိုးသွားတာပေါ့။ အခုက ခရမ်းချဉ်သီး ထွက်တာ မရှိတော့ ဈေးကရုတ်တရက်ပြန်တက်လာတာ။ ဒေသတွင်းထွက်တာ မရှိသလောက်ကို နည်းသွားပြီ။ နောက်နှစ်ပြန်စိုက်ဖို့လည်း လွယ်တော့မလွယ်ဘူး၊ ဒီနှစ်မှာ အကုန်ရှုံးထားကြတာလေ”လို့ အင်းလေးဒေသခံ မသွယ်သွယ်အိမ့်က VOMကို ပြောပါတယ်။
ရေဘေးစတင်မဖြစ်ပွားခင် အင်းလေးဒေသမှာ ခရမ်းချဉ်သီးတစ်ပိဿကို ၂၅၀ကျပ်ဝန်းကျင်သာ ပေါက်ဈေး ရှိခဲ့ရာကနေ တလကျော်အကြာ ဒီကနေ့ အောက်တိုဘာလ ၁၂ရက်မှာတော့ တပိဿာကို ၄၂၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
အင်းလေးကန် ခရမ်းချဉ်သီး စျေးနှုန်းဟာ ဩဂုတ်လ ကုန်ပိုင်းက စတင်စျေးနှုန်း ကျဆင်းလာတာ ဖြစ်ပြီး ကုန်းသီးတွေ စိုက်ပျိုးချိန် ဖြစ်တဲ့အတွက် သီးနှံထွက်ချိန်မှာ စျေးနှုန်း ကျဆင်းလာတာဖြစ်သလို ရေဘေးကြောင့် အင်းလေးကန် တောင်ပိုင်း ၊ အလယ်ပိုင်းတို့မှာ စိုက်ပျိုးကြတဲ့ ကျွန်းမျော စိုက်ခင်းတွေ အကုန်နီးပါးဟာ ရေထဲ မျောပါ ပျက်စီးခဲ့ရတယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။
ဓာတ်ပုံ-CJ
အင်းလေးဒေသမှာ ခရမ်းချဉ်သီးဈေး ၁၅ ဆကျော်ထိ ရုတ်တရက်မြင့်တက်လာ
