ပစ်ခတ်ခံခဲ့ရတဲ့ လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်နဲ့ ကိုယ်ရေးအရာရှိတို့ သေဆုံးသတင်းထွက်



အောက်တိုဘာ ၁၄ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အုပ်ချုပ်ရေးကော်မတီဝင် ဦးကျော်သူဝင်းနဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိတို့ မနေ့ အောက်တိုဘာ ၁၃ ရက်က ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားပြီဖြစ်တယ်လို့ သတင်းထွက်
နေကြောင်းအဲဒီ မြို့နယ်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၁) ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းဝင်းရဲ့ မုခ်ဦးလမ်းဘေးက သာသနာ့ဝုဃိသိမ်တော်ကြီးထဲမှာ မနေ့ မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“လမ်း‌လျှောက်လာတဲ့ အမျိုးသားတယောက်က အနီးကပ် ပစ်ခတ်သွားတာလို့ သိရတယ်။ အုပ်ချုပ်ရေးရုံးကနေ ပြန်လာတဲ့အချိန်မှာ ဖြစ်တာ။ ဆေးရုံရောက်တဲ့အချိန်မှာပဲ နှစ်ယောက်လုံးသေတယ်။ အဲဒီ ပစ်ခတ်မှုလည်းပြီးရော နစက လုံခြုံရေးတပ်တွေက လှိုင်သာယာ တမြို့နယ်လုံးကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေလုပ်တယ်။ လှိုင်သာယာကိုသွားတဲ့ တံတားသုံးစင်းကိုလည်း မနက် ၁၁ နာရီကျော်တဲ့အထိ ပိတ်တယ်။ အဲဒါကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ကုန်တာ အကြာကြီးပဲ။ သူတို့က လိုင်းကားတွေပေါ်ပါတက်စစ်တာ။ ကားအဖုံးတွေပါမကျန် အကုန်ဖွင့်စစ်တာ” လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ဦးကျော်သူဝင်း (ခ) ရွှေမန်းမှာ ဝဲရင်ဘတ် ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ဝဲလက်ဖဝါး ဖောက်ဝင်ဒဏ်ရာ တချက်ရရှိခဲ့ပြီး သူ့ရဲ့ ကိုယ်ရေးအရာရှိကတော့ ဦးခေါင်းဖောက်ဝင် ဒဏ်ရာနှစ်ချက်နဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ပစ်ခတ်မှုကို Golden Valley Warriors မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မနေ့ အောက်တိုဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပြီး လှိုင်သာယာမြို့နယ်မှ လူငယ်တွေကို စစ်မှုထမ်းဖို့ နစကထံ အမည်စာရင်းပေးသူတွေ ဖြစ်တဲ့အတွက် ပစ်ခတ်မှု လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဦးကျော်သူဝင်း (ခေါ်) ရွှေမန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဝင်ဖြစ်လာပြီး စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ၊ Convenience Store တွေနဲ့ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့် ရရှိထားသူဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၀၇) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာမှာ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ယောက် သေဆုံးခဲ့ကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာမှာ နေထိုင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ရပ်/ကျေး အတွင်းရေးမှူး ဦးမြင့်အောင်နဲ့ သမီးဖြစ်သူ ရပ်/ကျေး ကြံ့ခိုင်‌ရေးပါတီ လူငယ်အဖွဲ့ဝင် မဝင်းနုခိုင် (ခ) မကေတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကြို့ပင်စခန်းအုပ်စုက ရာအိမ်မှူး ဦးသိန်းဦး ဆိုသူ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် ကျောက်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းရဲ့ ဇနီးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်ခင်စောလှ ဆိုသူလည်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပဲ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဈေးပိုင်းရပ်ကွက်၊ ရာအိမ်မှူး ဦးမင်းမင်းထွန်းလည်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သလို ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်အုပ်စု၊ မြွေကြီးတွင်းရွာနေ အုပ်ချုပ်ရေးမှူး ဦးတင်ဦး ဆိုသူလည်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW