ဖိလစ်ပိုင်မှာ မုန်တိုင်း ထရမီကြောင့် ခုနှစ်ယောက်သေပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

မနီလာ၊ အောက်တိုဘာ-၂၃-၂၀၂၄
မျိုးဆက်(VOM)
ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း ထရမီတိုက်ခတ်မှုကြောင့် လူခုနှစ်ယောက်သေဆုံးပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
မုန်တိုင်းဟာ လက်ရှိမှာတော့ အရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်နေပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရွာလုံးကျွတ်ရေမြုပ်တာတွေ နဲ့ လမ်းတံတားတွေ မော်တော်ယာဉ်တွေပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မု်နတိုင်းဟာ ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းဖြစ်တဲ့ လူဇွန်ကျွန်းကို ချဉ်းကပ်လာတာကြောင့် ဒေသခံ သုံးသောင်းနှစ်ထောင်ကျော်ဟာ နေအိမ်တွေကနေ စွန့်ခွာပြီး ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
မြို့တော်မနီလာရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာရှိ ဘီကိုဒေသမှာတော့ ရေကြီးမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေပါ နှောင့်နှေးခက်ခဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘီကိုနဲ့ နာဂါမြို့မှာ ရေကြီးရေလျှံမှုကြောင့် လူသုံးယောက်သေဆုံးခဲ့ပါတယ်။ မနီလာအရှေ့တောင်ဘက် ကွီဇွန်ပြည်နယ်မှာတော့ သက်ကြီးရွယ်အိုတယောက်နဲ့ ကလေးငယ်တယောက် ရေနစ်သေဆုံးခဲ့ပါတယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီထိ မုန်တိုင်းရဲ့ ဗဟိုချက်ဟာ လူဇွန်ကျွန်းရှိ အော်ရိုရာပြည်နယ်အရှေ့ဘက် ကီလိုမီတာ ၁၆၀ အကွာမှာ တိုက်ခတ်နေပြီး အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၈၅ ကီလိုမီတာရှိတယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။
ဒီနေ့ည ၁၁ နာရီလောက်မှာတော့ ဒီဗီလာကန်မြို့အနီး အရှေ့မြောက်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တချို့ဒေသတွေမှာတော့ ပိတ်မိနေသူတွေဟာ ကယ်ဆယ်ရေးသမားတွေအလာကို စောင့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နာဂါဒေသမှာတော့ ရွာပေါင်း ၃၀၀ လောက်ရေမြုပ်နေပါတယ်။ ဘီကိုမှာတော့ ယာယီစခန်း ၂၅၀၀ ဖွင့်လှစ်ထားပြီး ဒေသခံတွေ ခိုလှုံနေကြပါတယ်။ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်တဲ့ အစီအမံအားလုံး လုပ်ဆောင်နေတယ်လို့ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက အစိုးရအရေးပေါ်အစည်းအဝေးမှာ ပြောဆိုပါတယ်။
Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW