လားရှိုးမှာ တရက်အတွင်း လေကြောင်းကနေ ၄ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိသလို ထောင်က စစ်သုံ့ပန်း ၁၀ဦးလွတ်မြောက်သွား

သတင်း-ZY+Shy V (VOM)
အောက်တိုဘာ ၂၃၊ ၂၀၂၄
ကိုးကန့်တပ် MNDAAထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို နစကေလတပ်က ဒီကနေ့ အောက်တိုဘာလ ၂၃ရက်မှ လေကြောင်းကနေ ၄ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လားရှိုးအကျဉ်းထောင်ရှိ စစ်သုံ့ပန်း ၁၀ဦး လွတ်မြောက်သွားသလို သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံနေ သိရပါတယ်။
ဒီကနေ့ မနက် ၈နာရီခွဲဝန်းကျင်မှာ လားရှိုးမြို့အဝင်ရှိ ရိုးရာ ဆန်အရက်ချက်စက်ရုံကို ၂ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သလို နံနက် ၁၀နာရီဝန်းကျင်မှာ ရပ်ကွက် ၁၂ဖက်နဲ့ လားရှိုးမြို့ပြင်ရှိ ဟက်ကာရွာဖက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီ ၅မိနစ်ဝန်းကျင်မှာ လားရှိုးရဲစခန်းနဲ့ အကျဉ်းထောင်ဖက်ကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ထောင်ကို ဗုံးထိပြီး ထောင်က စစ်သုံ့ပန်း ၁၀ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်။ အရက်ချက်စက်ရုံကိုတော့ ၂ကြိမ်လာကြဲတာ။ ညနေကတော့ ထောင်ကိုလာကြဲတာဆိုတော့ စစ်သုံ့ပန်းတွေ ထွက်ပြေးဖို့ လမ်းစ ရသွားတာပေါ့။ ရဲစခန်းကိုလည်း ထိသွားတယ်”လို့ သတင်းရင်းမြစ်က VOMကို ပြောပါတယ်။
နောက်ထပ် လားရှိုး ဒေသခံ တယောက်ပြောတာကတော့
” ညနေ ၃ နာရီ ၁၀ မိနစ်မှာ ကြဲချတဲ့ ဗုံးကအပေါ်ဘက် မီးသတ်ရုံးဘေးအမှတ် (၁) ရဲစခန်းထဲကျပါတယ်။ လူထိခိုက်မှုရှိပါတယ်။ ၆၈ ဘက်က နားဖရွာ ကျပါတယ်။ ဒီမနက် ရိုးရာ အရက် ချက်စက်ရုံဘက်ကျပါတယ်။ ဒီနေ့သေဆုံးတာ ၆ ယောက်ရှိပါတယ်။ ထောင်မှာေတာ့ နောက်မှ သိရတယ်။ သုံ့ပန်း ၁၀ ယောက် ထွက်ပြေးတာ ဟုတ်တယ်။ ဖောက်ပြီး ထွက်ပြေးသွားတာ” လို့ ဆိုပါတယ်။
အဲဒီလိုလာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဆောက်အဦတွေနဲ့ နေရာတချို့မှာ မီးလောင်နေတဲ့အတွက် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းက လားရှိုးမြို့ကို MNDAA သိမ်းပိုက်ပြီးနောက် လေကြောင်းကနေ တိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ရှိခဲ့တာကြောင့် သေဆုံးသူ ၁၁ ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ ၅၀ ခန့်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW