1027 နှစ်ပတ်လည်‌နေ့မှာ နမ့်ခမ်း စခန်းသစ်အနီး နဲ့ လောက်ကိုင်ကို ဗုံးကြဲ

အောက်တိုဘာ ၂၇၊ ၂၀၂၄
Shy V (VOM )
မြောက်ပိုင်းမဟာမိတ်ညီနောင်ရဲ့ 1027 စစ်ဆင်ရေး နှစ်ပတ်လည် ဒီနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း စခန်းသစ် အနီး နဲ့ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်ကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက် ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ခမ်း လေယာဉ်နဲ့ ဗုံး လာကြဲ သွားတယ် ဟုတ်တယ်။ ဒီမနက် ၇ နာရီကေျာ်လောက်က။ ထမင်းစားနေတုန်းရှိသေးတယ် လက်တောင် မဆေးအားဘူး ဗုံးခိုကျင်းထဲ ပြေးပုန်းရတယ်။ အခုထိ လူဝောင်တုန်နေတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
လေယာဉ် ဗုံးက စခန်းသစ် ဘက်က လွယ်ဆာရွာရွာဘက် နဲ့ မန့်ဝိန်းကြီး တံတားဘက်ကျတယ်လို့ သိရပြီး အထိအခိုက်တော့ မသိရဘူးလို့ သူက ပြောပါတယ်။
နမ့်ခမ်းမြို့မှာ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့် နှစ်ပတ်လည်နေ့ ဒီနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၇ နာရီ ၃၅ မိနစ်၊ မနက် ၇ နာရီ ၄၅ မိနစ်၊ ၈ နာရီ ၁၄ မိနစ် တွေမှာ နစက ဘက်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၇ မနက် အစောပိုင်း တနာရီ မထိုးခင် ည သန်းခေါင်ကျော် ပြီး ၂၀ မိနစ် ခန့်အချိန်က လောက်ကိုင်မြို့ဘက် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“လောက်ကိုင်မှာက ညသန်းခေါင်မှာကြဲ သွားတာ။ ထိတော့ ထိမယ်ထင်တယ်။ ထိခိုက်တာ ဘာမှ မသိရသေးဘူး။ ထုတ်ပြန်ချက်လည်း မတွေးသေးဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ပယ်စန်း ဟိုတယ်ဘက် ကျရောက်ထိမှန်တယ်လို့ သိရတယ်လို့ သူကပြောပါတယ်။
ဒီနေ့ ၁၀၂၇ တနှစ်ပြည့် နှစ်ပတ်လည်နေ့မှာတော့ မြောက်ပိုင်းမဟာမိတ် ညီနောင်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နေရာ တချို့တွေမှာ လေကြောင်း ပျံဝဲနေတာကြောင့် ထိတ်လန့်စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာန၊ ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW