တောင်ကြီးတန်ဆောင်တိုင်ကြောင့် မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်



ZY(VOM)
အောက်တိုဘာ ၂၉၊ ၂၀၂၄

ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်းတွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာလ ၁၈ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလိုထုတ်ပြန်ကြေညာပြီးနောက် ရန်ကုန်၊ နေပြည်တော်စတဲ့ ရပ်ဝေးက ဧည့်သည်တွေ ကြိုတင်ဘိုကင် တင်ထားကြတာကြောင့် အခုအောက်တိုဘာလအတွင်း ဟိုတယ်၊ မိုတယ်တွေနဲ့ တည်းခိုခန်းတွေအားလုံး ဘိုကင်ပြည့်နေတာကြောင့် ထပ်မံဘိုကင်တင်ကြသူတွေကို လက်မခံတော့ဘူးလို့ ဆိုပါတယ်။

“၂၆ရက်ကတည်းက ဘိုကင်တွေပြည့်နေပြီ။ တခြားဟိုတယ်၊ မိုတယ်တွေကို ဆက်သွယ်ပေးတော့လည်း သူတို့လည်း ပြည့်နေကြပြီတဲ့။ ၇ရက်အထိတော့ အခန်းတချို့ကျန်သေးတယ်။ ၈ရက်ကနေ ၁၆ရက်အထိတော့ အကုန်ကုန်သွားပါပြီ။ ပျော်ပွဲရွှင်ပွဲက ငတ်နေကြတာကြာပြီဆိုတော့ လာကြတာပေါ့၊ မနှစ်ကတော့ ဒီလောက် ဘိုကင်မများဘူး”လို့ ဟိုတယ်ဝန်ထမ်းတယောက်က VOMကို ပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မယ့် အစီအစဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်အသိပေးတာ မရှိသေးပေမယ့် မီးပုံးပျံတွေနဲ့ အခမ်းအနားပြင်ဆင်တာ၊ လမ်းပိတ်ဆို့မှုမရှိစေဖို့အတွက် စည်းကမ်းမဲ့ ယာဉ်တွေကို အရေးယူတာ၊ လုံခြုံရေးအင်အား တိုးချဲ့ပြင်ဆင်တာတွေ၊ မြို့ဝင်မြို့ထွက်မှာ စစ်ဆေးမှု တင်းကြပ်တာတွေကို လုပ်ဆောင်နေပြီလို့ သိရပါတယ်။

“ဒေသခံတွေက ဒီကမဟုတ်တဲ့သူတွေပဲ လာကြတာများတယ်။ မနှစ်ကလည်း ဒီအတိုင်းပဲ။ ပြီးရင် မင်းတို့တောင်ကြီးက ဘာညာဆိုပြီး တောင်ကြီးသားတွေပဲ အဆဲခံရတာ။ ဒီကရှိတဲ့ ဝန်ထမ်းတွေက နားချိန်တောင် ကောင်းကောင်းမရဘူး။ နေ့ကော၊ ညကော ဂျူတီစောင့်ရတော့ ပင်ပန်းလို့ ငြီးညူကုန်ကြပြီ။ ဒါကို တန်ဆောင်တိုင်လုံခြုံရေးပါ ယူခိုင်းတော့ တော်တော်လေးဒေါသထွက်နေကြတာ”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၂၁ရက်က စတင်ကျင်းပ ပြုလုပ်ခဲ့ပေမယ့် ဈေးဆိုင်ခန်း လာရောက်ဖွင့်လှစ်ရောင်းချသူတွေ၊ လာရောက်လည်ပတ်သူတွေ အရင်နှစ်တွေကထက် နည်းပါးခဲ့သလို လုံခြုံရေးထူထပ်စွာနဲ့ ကျင်းပခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ တောင်ကြီးမြို့မှာ စစ်ဘေးရှောင်အရေအတွက် အင်မတန်များပြားနေသလို ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ၊ စက်သုံးဆီရှားပါးမှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေ၊ အိမ်ငှားခ ဈေးမြင့်တက်မှုတွေကြောင့် တန်ဆောင်တိုင်ပွဲကျင်းပပြုလုပ်မယ့်အပေါ် ဒေသခံတွေကတော့ ဝေဖန်နေကြပါတယ်။

ဓာတ်ပုံ-CJ(ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW