“ဂျာကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကြီးကို ဝေဖန်ခဲ့သူ ပျောက်ဆုံး‌နေလို့ မိသားစုက ရဲစခန်းနှစ်ခုမှာ လူပျောက်တိုင်ချက်ဖွင့်

အောက်တိုဘာ ၃၀ – ၂ဝ၂၄
KKO(VOM)
ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကြီးကို ဝေဖန်ခဲ့တဲ့သူ ဟာဆယ်ယွန်ပျောက်ဆုံးသွားခဲ့မှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက လှိုင်နဲ့ မရမ်းကုန်းမြို့နယ်ရဲစခန်းနှစ်ခုတို့မှာ လူပျောက်တိုင်ချက်ဖွင့်ထားသော်လည်း သူ့ကို ယနေ့အထိပြန်ရှာမတွေ့သေးဘူးလို့ VOM က စုံစမ်းသိရှိရပါတယ်။
“သူပျောက်ဆုံးနေတာနဲ့ပတ်သက်လို့အမျိုးမျိုးထင်ကြေးတွေပေးပြီး ပြောနေကြတာတွေတော့ရှိပါတယ်။ ရဲကဖမ်းတယ်ဆိုရင် စခန်းမှာလူပျောက်သွားဖွင့်ထားတဲ့အတွက် သူသာတကယ်အဖမ်းခံရရင် ဒါကိုမိသားစုဝင်‌တွေကသိရမယ်လေ၊အခုအထိပြန်ရှာမတွေ့သေးသလို၊သတင်းတိတိကျကျလည်းမရသေးပါဘူး။သူပျောက်ဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ ရဲစခန်းတွေမှာလည်း တိုင်ချက်ဖွင့်ထားပါတယ်။ရဲဘက်ကလည်း ဒါကိုစုံစမ်းနေတယ်လို့ပြောပါတယ်”လို့ ဟာဆယ်ယွန်နဲ့ နီးစပ်သူ အသိ မိတ်ဆွေတယောက်က VOM ကို ပြောပါတယ်။
ပျောက်ဆုံးနေသူ ဟာဆယ်ယွန်ဟာ ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး” ရုပ်ရှင်နဲ့ပတ်သက်လို့ အခုလ အောက်တိုဘာ ၂၄ ရက်နေ့က Facebook Social Media မှာစတင်ရှုံ့ချခဲ့သူဖြစ်ပြီး အကြောင်းရင်းကတော့ ဇာတ်ကားနာမည်၊ဇာတ်ကားထဲကဝတ်ဆင်ထားတဲ့ ဟိန္ဒူရိုးရာဝတ်စုံတို့က ရိုးရာယဥ်ကျေးမှုကိုပျက်ရယ်ပြုစော်ကားသလိုဖြစ်နေတယ်လို့ ဦးစွာပထမအနေနဲ့ ရှုတ်ချထားသူ
တယောက်ဖြစ်ပါတယ်။
ထိုရုပ်ရှင်ဇာတ်ကားကိုဝေဖန်ခဲ့တဲ့
ပျောက်ဆုံးနေသူ ဟာဆယ်ယွန်ဟာ
ဗုဒ္ဓဘာသာဝင်ဟိန္ဒူလူမျိုးတယောက်ဖြစ်တယ်လို့လည်း သူနဲ့ နီးစပ်သူတွေကဆိုထားပြီး သူဟာအခြားသော လူမျိုးရေး၊ဘာသာရေးတို့ကိုလှုံ့ဆော်တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အခုရုပ်ရှင်ကိုသာဝေဖန်ခဲ့တာဖြစ်တယ်လို့ ဟာဆယ်ယွန်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းမှာ အခုပျောက်ဆုံးနေသူ ဟာဆယ်ယွန်ဟာ သူရဲ့ကိုယ်ပိုင် Facebook လူမှုကွန်ရက်ကနေတဆင့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အပြာင်အပျက်ဆန်တဲ့ပို့စ်အချို့ကို မျှဝေလွှင့်တင်ခဲ့သူဖြစ်နေလို့ အဲဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ဝေဖန်မှုတွေကလည်းများစွာရှိနေခဲ့တာဖြစ်ပါတယ်။
“သူရေးထားတာက ဘာသာရေးကို
စော်ကားတာမျိုးမဟုတ်ပါဘူး။သူရေးထားတာက ယဉ်ကျေးမှုနဲ့ လူမျိုးတွေရဲ့အနုပညာကိုသူရေးထားတာပါ။ဘာသာရေးနဲ့ ပတ် သက်တာတွေမပါပါဘူး။အဲဒါကိုလူတွေက စာကိုသေချာမဖတ်ကြတာပါ။ဗုဒ္ဓဘာသာကိုစော်ကားနေတယ်ဒီလူကဆိုပြီးတင်လိုက်ကြတာ‌ပေါ့။ သူကပရဟိတတွေလည်းလုပ်တယ်၊မိသားစုအရောင်းအဝယ်လေးတွေလုပ်ပါတယ်။အဲဒါတွေကသူ့အလုပ်အကိုင်ပါ။နောက်ပြီးသူကဗုဒ္ဓဘာသာဝင် ဟိန္ဒူပါ။ သူကဘုန်းကြီးလည်းဝတ်ဘူးတယ်။မသိတဲ့သူတွေကျသူ့ကိုမြင်လိုက်တာနဲ့ သူရုပ်ရည်အရအခြားဘာသာခြားလို့ထင်တဲ့သူလည်းရှိပါတယ်။ဘာပဲဖြစ်ဖြစ် သူ့ကိုကိုယ့်မိသားစုဝင်တယောက်လိုပဲကိုယ်ချင်းစာသင့်ပါတယ်။သူ့မိသားစုတွေဆိုဘယ်လောက်စိတ်ပူနေမလဲ၊အခုအဲ့လိုတွေလုပ်လိုက်တော့ တင်လိုက်တော့အခြေအနေတွေကပိုဆိုးသွားတာပါ”လို့ ဟာဆယ်ယွန်နဲ့ နီးစပ်သူ အသိမိတ် ဆွေတယောက်က ထပ်လောင်းပြောပြပါတယ်။
ရုတ်တရက်ပျောက်ဆုံးသွားခဲ့သူ ဟာဆယ်
ယွန်ရဲ့မိသားစုဝင်တွေကတော့ သူ့ကိုတွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံထားပြီး ဟာဆယ်ယွန်နဲ့နီးစပ်တဲ့ အသိမိတ် ဆွေတယောက်ကတော့ သူ့ကို နောက်ဆုံးတွေ့မြင်လိုက်သူ‌တွေရှိတယ်လို့ အခုလိုဆက်ပြီးပြောပြပါတယ်။
“ကျွန်တော်တို့ ပြန်ကြားတာက သူ့ကို ကား
တစီးပေါ်ဆွဲခေါ်သွားတာကိုမြင်လိုက်တယ်လို့ပြောတဲသူရှိတယ်ပေါ့၊‌ သူပျောက်တာက
ခဝဲခြံမျက်မမြင်ကျောင်းရှေ့ဘက်မှာ‌ပျောက်တာ၊အင်းစိန်ဘက်မှာဖြစ်တာပါ။အဲနေ့ထဲကလုံးလုံးအဆက်အသွယ်မရတော့ဘူး။နေ့လည်တစ်နာရီခွဲလောက်ကသူ့ကိုအဲ့လိုခေါ်သွားမှန်းလည်းမသိလိုက်ကြဘူး။ကျွန်တော်တို့ပြန်ခါနီးကျမှ ဆက်သွယ်တော့မှ သူမရှိမှန်း၊ပျောက်သွားမှန်းသိရတာပါ။သူ့မိသားစုက နောက်တနေ့ကျ အိမ်ပြန်မလာဘူးဆိုပြီးဖုန်းတွေဘာတွေဆက်တော့မှပျောက်ဆုံးနေ
မှန်းသိကြတာပါ။သူကလှိုင်မှာနေတာပါ၊ပျောက်တာက အင်းစိန်မှာပျောက်တာပါ။
စနေနေ့ နေ့လည်ထဲက ပျောက်သွားတာဆိုတော့ ဒီနေ့နဲ့ဆို လေးရက်ရှိသွားပါပြီ”လို့ သူက VOM ကို ပြောပါတယ်။
ဟာဆယ်ယွန် ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး သူရဲ့မိသားစုဝင်တွေကတော့ VOM ရဲ့ ဆက်သွယ်မေးမြန်းမှုကို ငြင်းဆိုထားပြီး ဒီလူ ပျောက်ကိစ္စနဲ့ပတ်သက်လို့ ရဲဘက်ကလည်း တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
ဒါအပြင် ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သူ ဒါရိုက်တာကိုဇော်(အရုဏ်ဉီး)ကလည်း
အခုဇာတ်ကားရိုက်ကူးထုတ်လုပ်မှုကို မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဆိုင်ရာအဖွဲ့ချုပ်နဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာတို့အကြားမှာ နားလည်မှုရယူပြသခဲ့ပြီးမှသာ ဇာတ်ကားကို ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့သို့ တင်ပြခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
သို့သော်လည်း ဟိန္ဒူဘာသာရေး အသိပညာပေး အဖွဲ့အစည်းတခုဘက်ကတော့ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာ၀င်တွေရဲ့ထင်မြင်ယူဆချက်တွေအရ ယခုရုပ်ရှင်ဟာ လူမျိုး တစုကို ဟာသအနေနဲ့ ခုတုံးလုပ်ထားခြင်းဖြစ်တဲ့အတွက် အထူးစိတ်ပျက်ဖွယ်ကောင်းပြီး ရုပ်ရှင်ရိုက်ကူးတဲ့အခါမှာ သုံးနှုန်းတဲ့ အသုံးနှုန်းတွေဟာ ဘယ်လူမျိုးစုကိုမှ မထိခိုက်ဘဲ၊ ခွဲခြားမှုမရှိဘဲ ဟာသရသ ရအောင်သာ ရိုက်ကူးစေချင်တယ်လို့ ဆိုထားပြီး ရိုးရာ၊ ယဉ်ကျေးမှု၊ လူမျိုးရေးဟာ ပျက်ရယ်ပြုစရာမဟုတ်တဲ့အတွက် ဟာသတစ်ခုလုပ်ထားခြင်းဟာ လူမျိုးစုတစ်ခုလုံးကို နှိမ့်ချခြင်းဖြစ်တယ်လို့လည်း သူတို့ရဲ့မှတ်ချက်သဘော ထားတရပ်ကို ထုတ်ပြန်ထားပါတယ်။
ပျောက်ဆုံးနေသူ ဟာဆယ်ယွန် အနေနဲ့ အခုရုပ်ရှင်ဇာတ်ကားကို လူမျိုးတခုရဲ့ယဉ်ကျေး မှုအရသာ ဝေဖန်ခဲ့ခြင်းဖြစ်ပြီး ကျန်တဲ့ရည်ရွယ်ချက်မျိုးမရှိခဲ့ဘူးလို့လည်း ဟာဆယ်ယွန်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဟာဆယ်ယွန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူ့ဆီကိုဖုန်းတလုံးဝင်လာလို့ဖုန်းပြောမယ်ဆိုပြီး အဲ့ဒီနေ့ နေ့လယ် ၁ နာရီကျော်လောက်ကစလို့ ထွက်သွားရာကနေ သူ့ သူငယ်ချင်းတွေရှိနေတဲ့ခဝဲခြံမျက်မြင်ကျောင်းကို ပြန်မလာတော့တာဖြစ်သလို အဲ့ဒီည ညပိုင်းအထိအင်တာနက်သုံးတာကိုတွေ့ရသော်လည်း အဲ့ဒီနောက်မှာတော့ သူ့လက်ကိုင်ဖုန်းပါ စက်ပိတ်သွားခဲ့ပြီး သူပါလုံးလုံးပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ဟာဆယ်ယွန်ရဲ့ သူငယ်ချင်းဖြစ်သူ Chllista က သူရဲ့ Facebook မှာရေးသားခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကလည်း ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး” ရုပ်ရှင်ဇာတ်ကားကြီးကို ဝေဖန်ခဲ့တဲ့ ပျောက်ဆုံး‌နေသူ ဟာဆယ်ယွန်ကို ရုပ်ရှင်၊အနုပညာရှင်တွေဘက်က တခုခုလုပ်ထားတာမျိုးမဟုတ်နိုင်သလို ဇာတ်ကားမှာပါဝင်ကြတဲ့ အနုပညာရှင်တွေက အနုပညာကြေးကိုအပြည့်အဝရရှိထားပြီး သိန်းသောင်းချီချမ်းသာတဲ့ ရုပ်ရှင်ထုတ် လုပ်သူဘက်ကလည်း အခုရုပ်ရှင်မပြသရလည်း သူ့အတွက်ဆုံးရှုံးနစ်နာမှုက မပြောပလောက်တဲ့ ပမာဏမို့ အခုဟာဆယ်ယွန် ပျောက်ဆုံးနေမှုဟာ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ သက်ဆိုင်မှုမရှိနိုင်ဘူးလို့လည်း မှတ်ချက်ပြုထားပါတယ်။
ပျောက်ဆုံးနေသူ ဟာဆယ်ယွန်ကို မည်သည့်အဖွဲ့၊မည်သည့် ပုဂ္ဂိုလ်တွေက ခေါ်ဆောင် သွားသည်ကိုတော့ ယနေ့အထိ တိတိကျကျ မသိရှိရသေးပါဘူး။
ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး” ဟာသရုပ်ရှင်ဇာတ်ကားကြီးကို “Perfect” ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပြီး အခုလာမယ့် ၁.၁၁.၂ဝ၂၄ (သောကြာနေ့)ကစလို့ မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – Chllista (Facebook)နဲ့ ဟာဆယ်ယွန်
(Facebook)

Related posts

Leave a Comment

VOM News

FREE
VIEW