ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နဲ့ ပုဂံနန်းမြင့်မျှော်စင်ကို ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်

အောက်တိုဘာ ၃၀ – ၂၀၂၄
SN (VOM)
မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီး တယောက်ဖြစ်တဲ့ ဦးတေဇပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နဲ့ ပုဂံနန်းမြင့်မျှော်စင်ကို ထပ်မံ ရောင်းချသွားမှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေကြား ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။
ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ပြန်လည်ရောင်းချဖို့အတွက် ဈေးကွက်ထဲ အရောင်းတင်ထားသလို ပုဂံယဉ်ကျေးမှုဒေသ တခုလုံးကို အပေါ်စီးကနေမြင်နိုင်တဲ့ နန်းမြင့်မျှော်စင်ကိုလည်း ရောင်းချတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ အိမ်ခြံမြေလုပ်ငန်းရှင် တယောက်က “သတင်းတွေကတော့ ပြန့်နေတာပဲ။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ပြန်ရောင်းမယ်ဆိုတဲ့ သတင်းကတော့ ကြားပါတယ်။ ဒါပေမယ့် အသေးစိတ်အခြေ‌အနေ၊ ဘယ်လောက်နဲ့ ဈေးခေါ်ထားတယ်လို့တော့ မသိရဘူးပေါ့။ ပြန်ရောင်းမယ်ဆိုတာက‌တော့ သေချာသလောက်ပါပဲ။ ဝယ်လက်ကတော့ မတွေ့သေးဘူးပြောတယ်။ နန်းမြင့်မျှော်စင်ကြီးကတော့ သူနဲ့ဆက်စပ်နေတဲ့ Aureum Palace Hotel & Resort ကိုပါ တခါတည်းရောင်းချမယ့် အနေအထားမျိုးပါ” လို့ ပြောပါတယ်။
ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာမှာ တည်ရှိတဲ့ ပုဂံနန်းမြင့်မျှော်စင်ဟာ အမြင့် ၆၆ မီတာရှိပြီး ပုဂံနယ်မြေတခုလုံးကို အပေါ်စီးကနေ မြင်နိုင်တဲ့အတွက် ခရီးသွားတွေ သွားရောက် လည်ပတ်လေ့ရှိကြတဲ့ နေရာတခုဖြစ်တယ်လို့ သိရပါတယ်။
ထူးလုပ်ငန်းစုဦးဆောင်သူ ဦးတေဇအနေနဲ့ အဲဒီ အဆောက်အအုံကို လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကတည်းက ပုဂံယဉ်ကျေးမှုအမွေအနှစ် နယ်မြေမှာ တည်ဆောက်ခွင့် ရရှိခဲ့တာဖြစ်ပြီး ဘုရားစေတီတွေထက် ပိုမြင့်နေတဲ့အတွက် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့တဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် Baiyoke Group of Hotels ထံကနေ အမေရိကန်ဒေါ်လာ ၂၉ သန်းနဲ့ ဝယ်ယူခဲ့တာလို့ သိရပြီး ထူးလုပ်ငန်းစုအနေနဲ့ အခု ပြန်လည်ရောင်းချနိုင်တဲ့ ဟိုတယ်တွေအပါအဝင် မြန်မာနိုင်ငံမှာ ဟိုတယ် ၁၈ လုံးအထိ ပိုင်ဆိုင်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ဟာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့က မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပြန်လည်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် လုပ်ငန်းဆက်လက် လည်ပတ်နေတာ ဖြစ်ပါတယ်။
ဦးတေဇအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ပြည်လမ်း၊ အင်းလျားကန်နဲ့ မျက်နှာချင်းဆိုင်ရှိ ၁ ဒသမ ၅ ဧကခန့် ကျယ်ဝန်းတဲ့ ခြံကြီးကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်နဲ့ ရောင်းချခဲ့သေးတယ်လို့ သိရပါတယ်။
“အဲဒီခြံကြီးက သူ့ရဲ့ သားသမီးတွေ အမည်ပေါက် ပိုင်ဆိုင်တဲ့ခြံကြီးပေါ့။ ကန်ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းတယ်လို့တော့ အကြမ်းဖျင်းသိထားတယ်။ ဒီပမာဏက တဒေါ်လာကို မြန်မာငွေ ၅၀၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် ကျပ်ငွေ သန်း တသိန်းခွဲလောက် ရှိနိုင်တယ်။ ဘယ်သူက ဝယ်သွားတယ်ဆိုတာတော့ မသိရဘူး။ အရောင်းအဝယ် လုပ်ငန်းစဉ်တခုလုံးရဲ့ သတင်းအချက်အလက်တွေကိုလည်း ရှင်းရှင်းလင်းလင်း မသိရဘူး။ အဲဒီခြံကြီးက အများပြောသလို ရုတ်တရက် ရောင်းတာမျိုးတော့ မဟုတ်ဘူး။ ရောင်းနေတာကြာပြီ။ အခုမှ အရောင်းတည့်သွားတဲ့သဘောပဲ” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ဦးတေဇနဲ့ သူ့ရဲ့ သားသမီးတွေဟာ မြန်မာနိုင်ငံမှာ မနေကြတော့ဘဲ ပြည်ပနိုင်ငံတွေမှာသာ သွားရောက် နေထိုင်နေကြတာဖြစ်ပြီး ဦးတေဇကတော့ စင်္ကာပူနိုင်ငံမှာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW